Wednesday, February 8, 2012

မွန်အမျိုးသားနေ့

ဒီ post လေးက နောက်ကျမှန်းသိပေမဲ့ အမှတ်တရအနေနဲ့ တိုရှင်းလိုရင်းလေးပဲ ရေးတင်လိုက်တာပါ။ အချိန်မှီတင်နိုင်ဖို့ဆိုတာ အခမ်းအနားမတက်ဖြစ်ရင်တော့ ဖြစ်နိုင်မှာပေါ့။ အခုတော့ အခမ်းအနားအတွက် ခရီးဝေးကိုသွားရတဲ့အတွက် post အမှီတင်ဖို့ အချိန်အခက်အခဲကြောင့်လို့ ပြောရမှာပေါ့။ မွန်အမျိုးသားနေ့ရဲ့ နောက်ခံသမိုင်း အကျဉ်းကတော့…

သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် (၁)ရက်နေ့မှာ မွန်ဘုရင်ညီနောင် (၂) ပါးဖြစ်ကြတဲ့ သမလမင်းနဲ့ ၀ိမလမင်းတို့ရဲ့ မွန်နိုင်ငံတော်ဟောင်းဖြစ်တဲ့ ဟံသာဝတီကို စတင်တည်ထောင်ခဲ့တဲ့နေ့ကို မွန်အမျိုးသားနေ့အဖြစ်နဲ့ ကျင်းပခဲ့ကြတာ ဒီနှစ်အပါအ၀င် ၆၅ နှစ်တိုင်ခဲ့ပါပြီ။

ကျေးရွာတိုင်း မြို့တိုင်းမှာ တတပ်တအားနဲ့ ဆင်နွှဲလေ့ရှိကြတဲ့ မွန်လူမျိုးတိုင်း သိတဲ့ အထင်ကရနေ့တစ်နေ့လို့ ပြောရင် မှားနိုင်မယ်မထင်ပါဘူး။ ကျင်းပတဲ့လဟာ တပို့တွဲလဖြစ်လို့ တပို့တွဲ ရာသီစာဖြစ်တဲ့ ထမင်းနဲ(ယာဟု) ကို အဓိကထား ကျွေးမွေးဧည့်ခံကြပါတယ်။ ကျွန်မတို့ရွာမှာ ဆို အဲဒီနေ့ရောက်ပြီဆိုရင် မနက် ၇ နာရီလောက်ကို အလံအလေးပြုတဲ့ အခမ်းအနားဆီကို ထမင်းနဲစားဖို့ ကလေးငယ်များ စုဝေးသွားကြတယ်။ လူငယ်လူကြီးတွေကတော့ မွန်လူမျိုးများအား အောက်မေ့တဲ့ အမှတ်တရနေ့အဖြစ် အခမ်းအနားကို သွားကြ တယ်။ ညီညွတ်ခြင်းအားမာန်ကို ပြကြတယ်။

ကျွန်မငယ်ငယ်တုန်းကတည်းကလည်း မွန်အမျိုးသားနေ့ကို ဘာနေ့မှန်းအထွေအထူးနားမည်ခဲ့ပေမဲ့

မွန်ထမိန်(ထဘီ)၊ အင်္ကျီအဖြူလေးနဲ့ အခမ်းအနားကို တက်ရောက်ခဲ့ဖူးတယ်။ နားမလည်တုန်းအရွယ်ကတော့ မုန့်စားဖို့ အလံအလေးပြုဖို့သွားခဲ့တာပေါ့။ တပို့တွဲလဆို အေးတဲ့ရာသီမို့ မနက်အစောထပျင်းတဲ့ ကျွန်မကတော့ အဲနေ့လေးကိုတော့ မှတ်မိသလောက် မလွတ်ခဲ့ဖူးဘူး။။ အရွယ်ရောက်လာတော့လည်း တတ်နိုင်တဲ့ဖက်က ကူညီလုပ်အားပေးရင်း နှစ်စဉ်ဆင်နွှဲခဲ့တယ်။ ရွာနဲ့ ဝေးနေတဲ့အချိန်တွေမှာလည်း ရောက်ရာဒေသတွေမှာ ဒေသခံတွေ ကျင်းပတဲ့အခမ်းအနားကို နှစ်စဉ်တက်ရောက်နိုင်အောင် ကြိုးစားခဲ့တယ်။ ထွေထွေထူးထူးမဟုတ်ပေမဲ့ တစ်နှစ်မှာ တစ်ကြိမ်သာကျင်းပတဲ့ အမျိုးကို အောက်မေ့သောနေ့အဖြစ် မပျက်ကွက်ချင်ယုံသက်သက်ပါပဲ။

ဒီနှစ်ကိုတော့ ထိုင်းနိုင်ငံ မဟာချိုင်မှာ အခမ်းအနားတက်ဖို့ သူငယ်ချင်း (၃) ယောက်နဲ့အတူ သွားခဲ့တယ်။ မွန်အဆိုတော်တွေ တင်ဆက်ဖျော်ဖြေတဲ့ Live show နဲ့ ညပိုင်းမှာ မွန်လူထုတွေကို တင်ဆက်ပေးတယ်။ မွန်သီချင်းတွေ အရင်ကထက်ပိုပြီး မွန်လူထုတွေကို လွှမ်းမိုးနိုင်လာတာက ၀မ်းသာစရာပါပဲ။ နောက်ပြီး အဆိုတော်နဲ့ မွန်ပြည်သူကြားမှာ ခွဲခြားဆက်ဆံခြင်းမျိုး မရှိဘူးဆိုတာကိုလည်း မျက်ဝါးထင်ထင်မြင်ခဲ့ရတဲ့အတွက် တော်တော်လေး ကျေနပ်ခဲ့ရတယ်။ အနုပညာသမားတွေနဲ့ ပရိသတ်ကြားမှာရှိတဲ့ ဖော်ရွေနွေးထွေးမှုတွေက မွန်လူမျိုးတွေ စည်းလုံးညီညွတ်ဖို့ ပြယုဂ်တစ်ခုလိုပါပဲ။ နောင်လာမဲ့ အနာဂတ်မှာလည်း မွန်ပြည်သူတွေကြား တသားထဲဖြစ်အောင် ဒီ့ထက်မက စည်းလုံးစွာနဲ့ ဖေးမနိုင်စေဖို့လည်း မျှော်လင့်မိတယ်။

ဒီနှစ်မှာ လာရောက်ဖျော်ဖြေတဲ့မွန်ဂီတအဖွဲ့ကတော့ ပါဝါမြူးဆစ် (Power Music) အဖွဲ့ကဖြစ်ပါတယ်။ အခကြေးငွေ သတ်မှတ်မှုမရှိပဲ စေတနာအလျှောက်လာဖျော်ဖြေပေးတယ်ဆိုတာလည်း သိခဲ့ရတယ်။ လေးစားစရာ စိတ်ဓါတ်တွေနဲ့ သူတို့တွေ တတ်နိုင်တဲ့ဘက်ကနေ ၀ိုင်းဝန်းအားဖြည့်ပေးခဲ့ကြတဲ့အတွက် အဝေးရောက် မွန်လူထုတွေအတွက်လည်း ပျော်ရွှင်စရာကောင်းတဲ့ အထိမ်းအမှတ်နှစ်လေး ဖြစ်ခဲ့ပါတယ်။ ညပိုင်းမှာ ဂီတတွေနဲ့ဖျော်ဖြေပြီးရင် မနက်ပိုင်း ၈ နာရီခွဲမှာ အလံတော်ကို အလေးပြုတဲ့အခမ်းအနားစတင်ခဲ့ပါတယ်။ ကျွန်မတို့ကတော့ အလံကိုအလေးပြု နိုင်ငံတော်သီချင်းဆိုပြီးတာနဲ့ ဘန်ကောက်ကို ပြန်ဖို့ ထွက်လာခဲ့ကြပါတယ်။ ဒီနှစ်မှာ မပျက်မကွက် တက်ရောက်နိုင်ခဲ့တဲ့အတွက် အများကြီးကျေနပ် ၀မ်းသာမိပါတယ်။

နောင်နှစ်ခါတွေများမှာလည်း ကျွန်မ ဘယ်နေရာ ဘယ်ဒေသရောက်ရောက်ပေါ့ အတားအဆီးအခက်အခဲတွေ မရှိသရွေ့တော့ မမေ့နိုင်တဲ့ မွန်အမျိုးသားနေ့ကို တက်ရောက်ဖို့ကြိုးစားနေဦးမှာပါ. ကျွန်မနဲ့အတူ သွားခဲ့ကြတဲ့ သူငယ်ချင်း မင်းညာဏ်ရွှေ၊ မင်းရော့အောင်မွန်နဲ့ မင်းဗညားဦးတို့ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ သူတို့တွေသာမပါခဲ့ရင် ကျွန်မ ဒီနှစ်မှာ တက်ရောက်နိုင်ဖို့ ပျက်ကွက်ရမှာ သေချာပါတယ်။ မွန်အမျိုးသားနေ့အမှတ်တရအနေနဲ့ ဓါတ်ပုံတစ်ချို့နဲ့ ကျွန်မကြိုက်တဲ့ မွန်အမျိုးသားနေ့ အထိမ်းအမှတ်သီချင်းတွေကိုလည်း post လေးနဲ့အတူ တင်လိုက်ပါတယ်။



၆၅ နှစ်မြောက် မွန်အမျိုးသားနေ့ (မဟာချိုင်)








သီချင်းတွေကို ကူရှာပေးတဲ့ မင်းရော့အောင်မွန်နဲ့ မင်းညာဏ်ရွှေကို ကျေးဇူးတင်ပါတယ်



No comments: