Sunday, January 12, 2014

ပြန်ဆုံမယ် နဲ့ ရောက်တတ်ရာရာ

ပြန်ဆုံကြမယ်
ဘယ်အချိန်ဘယ်နေရာ
မသေချာသေးခင်မှာ
တိုက်ဆိုင်မှုနဲ့ဆုံလာတိုင်း
သတိရစွာလွမ်းဆွတ်ရင်း
အတွေးလေးတွေထဲကတစ်ဆင့်
ရင်ထဲမှာပဲ ပြန်ဆုံကြရအောင်။ ။

ဘယ်အချိန်ပြန်ဆုံကြမယ် မသေချာပေမဲ့ သတိရတိုင်း ရင်ထဲမှာ ပြန်ဆုံကြမယ် ရန်စစ်က နယ်ဝေးသူငယ်ချင်းတို့ရေ......။ ။ လေးနှစ်ကျော်ကြာဖြတ်သန်းခဲ့ရတဲ့ ဒီရန်စစ် ဘ၀တစ်ကွေ့မှာ သူငယ်ချင်းတို့နဲ့အတူ အမှတ်တရတွေများစွာ ခြေရာထင် ကျန်ရစ်ခဲ့တာတော့သေချာပါတယ်။ ။ ခင်ခွင့်ရခဲ့တဲ့အတွက် သူငယ်ချင်အားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ပါတယ်။

ကျွန်မလဲကျတိုင်း တွဲထူခဲ့
အားငယ်တိုင်း အားပေးခဲ့
ဝမ်းနည်းတိုင်း ပျော်စေခဲ့
ဒီလိုသူငယ်ချင်းမျိုးတွေနဲ့
ထပ်ထပ်ခါခါ ပြန်ဆုံချင်သေးရဲ့......။

အမုန်းကြီးနေခဲ့ရတဲ့ ရန်စစ်ရေ... တကယ်ခွဲရတော့လည်း အပြည့် သိပ်ထည့်ထားတဲ့ လေးနှစ်စာ အဖြစ်အပျက်အားလုံးကို ရုတ်တရက်သွန်ချလိုက်ရသလို ရင်ထဲမှာ ဟာခနဲ ဗလာဖြစ်ကျန်ခဲ့တယ်ကွယ်။ ။ ပြန်လွမ်းရမဲ့ နေရာ၊အမှတ်တရအဖြစ် ကျန်ရစ်ခဲ့တော့ ရန်စစ်ရေ....။



ကျွန်မကတော့ လေနှင်ရာ လွင့်တဲ့ရွက်ဝါတစ်ရွက်လို မြေမှာပဲ ခခ၊ ရေထဲပဲကျကျ ရှိသမျှအားနဲ့တော့ လောကဓံဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားနေဦးမှာပါ။ သူငယ်ချင်းများအားလုံးလည်းပဲ ဘယ်သောင်ဘယ်ကမ်းပဲတင်တင် ဗေဒါပင်လို ဆေးဘက်လည်းဝင် ပတ်ဝန်းကျင်ကိုအလှလည်းဆင်ရင်း နောင်လာနောက်သားတွေအတွက် ဥပမာအားအင်လည်းဖြစ်စေမဲ့ ဗေဒါလို လူသားမျိုး ဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်။