Friday, October 14, 2011
မြန်မာ လက်ထောက်ဗေဒင်
၁။ ဒေါင်းလုတ်ပြီးတာနဲ့ ကိုယ့်ကွန်ပျူတာထဲ ရောက်လာတဲ့ rar ဖိုင်ကိုဖြည်ပြီး ကလစ် ၂ ခါနှိပ်လိုက်ပါ။
၂။ ဖွင့်လိုက်တာနဲ့ ပထမဆုံးပေါ်လာတဲ့ စာမျက်နှာရဲ့ ဘယ်ဘက်အောက်နားမှာ နောက်စာမျက်နှာကိုဝင်ဖို့ မြှားသေးသေးလေးကို ကလစ်နှိပ်လိုက်ပါ။
၃။ ဒုတိယစာမျက်နှာကိုလည်း မြှားလေးနှိပ်ပြီးနောက်တစ်မျက်နှာကို ကူးပြောင်းလိုက်ပါ
၎။ တတိယမြောက်စာမျက်နှာမှာ ကိုယ်မေးချင်တာလေးတွေရွေးလို့ရပါပြီ။ မေးခွန်းစာမျက်နှာစုစုပေါင်း ၄ မျက်နှာပါတယ်။ အထက်ကပြောထားသလိုပဲ နောက်စာတစ်မျက်နှာသွားလိုရင်တော့ အောက်နားက မြားလေးကို နှိပ်လိုက်ရုံပါပဲ။
၅။ ကိုယ်မေးချင်တဲ့ မေးခွန်းကိုတွေ့ပြီဆိုရင် မေးခွန်းပေါ်ကလစ်နှိပ်လိုက်ပါ။
၆။ ပေါ်လာတဲ့စာမျက်နှာတစ်ခုမှာ စက်ဝန်းထဲက အနီရောင် တြိဂံငယ်လေး လည်နေတာ တွေ့ရပါမယ်။
၇။ ကိုယ်မေးထားတဲ့မေးခွန်းကို အာရုံပြုပြီးတော့ ကိုယ်ရပ်တန့်သွားစေချင်တဲ့အချိန်မှာ စာမျက်နှာအောက်နားက အရပ်လေးမျက်နှာစက်ဝိုင်းလေးကို ကလစ်လိုက်ရင် အနီရောင်တြိဂံလေးရပ်သွား လိမ့်မယ်
၈။ နောက်ဆုံးအဆင့်အနေနဲ့ ရပ်သွားတဲ့ တြိဂံလေးကို နှိပ်ပြီး အဖြေကို ဖတ်လို့ရပါပြီ။
ကိုယ်တိုင်ဖွင့်ကြည့်တာက ကျွန်မရေးထားတာထက်တောင်လွယ်ပါသေးတယ်။ အပျော်သဘောမေးရင် အပျော်ဗေဒင်ဖြစ်နိုင်သလို အလေးအနက်တကယ်ထားရင် လေးနက်တဲ့အဖြေတွေရမှာပါ။
မေးချင်တာတွေမေးကြည့်ဖို့ download လိုက်ပါဦး။ မြန်မာလက်ထောက်ဗေဒင်
ဒီဗေဒင်ကို မန်ညာတ်လ္ပ်ာခိုဟ်ကနေထပ်ဆင့် ပြန်ပြီး မျှဝေတာပါ။
source:
Thursday, October 13, 2011
Monday, August 15, 2011
Monday, July 25, 2011
လိုအပ်ချက်များ
နှင်းခဲလွင်ပြင်အတွက်
နေရောင်လိုအပ်တယ်
နှလုံးသား တစ်ခုအသစ်ဖြစ်ဖို့
ခံစားမှုတစ်ချို့လိုအပ်တယ်
ကြေကွဲမှုတွေ မခံချင်လို့
အလွမ်းမဲ့ခန္ဓာလိုအပ်တယ်
အမှောင်ကမ္ဘာထဲက ထွက်နိုင်ဖို့
လမ်းပြအလင်းတန်းလိုအပ်တယ်
မျှော်လင့်နေတဲ့ ဘ၀အတွက်
အာမခံချက်တစ်ချို့ လိုအပ်တယ်
အနာဂတ်နေမ၀င်သွားဖို့
မင်းရဲ့အချစ်တွေ လိုအပ်တယ်
............လိုအပ်တယ်...........
တစ်ခါတစ်လေတော့..
ဘာမှမလိုချင်တဲ့စိတ်ကို လိုအပ်ခဲ့တယ်
" ဝေးနေပါစေ"
နှလုံးသားတံခါးခေါက်စရာမလို
ရောင့်ရဲတတ်လို့ စောင့်နေဆဲပါ
ပြောမှသိမယ်ဆိုရင်
လူမိုက်နှစ်ခါ မပင်ပန်းချင်ဘူး…။
ပါးရိုက်ချင်တဲ့ လက်တွေ
ပတ်တီးစည်းပေးလိုက်တယ်
အနမ်းပေးချင်တဲ့ နှုတ်ခမ်းတွေ
အရက်တီးပေးလိုက်တယ်
ပြဒါးတစ်လမ်း သံတစ်လမ်းပေမယ့်
သူကြိုက်တဲ့ကော်ဖီချိုချိုနဲ့
ငါကြိုက်တဲ့ကော်ဖီခါးခါး
ပေါင်းစပ်သောက်ရင်တော့ မဆိုးပါဘူးလေ…။
ဖြေတွေးတွေးရင်း ကြွေဆွေးဆွေးနေခဲ့ပေါ့
မချစ်သူတိုင်း မညားကြပါစေနဲ့
မညားသူတိုင်းလည်း မချစ်ကြပါစေနဲ့
တောင်းဆုပြုရင်း
အရှင်ဘုရား…
တပည့်တော်သည်
တစ်ပါးသူ၏ ရင်ခွင်၌ရှိသော
အကြင်သူတစ်ဦးအား
စစ်မှန်သော ချစ်ခြင်းဖြင့် မြတ်နိုးပါ၏
ဤမှန်သောသစ္စာစကားကြောင့်
အကြင်သူနှင့်
တစ်သက်လုံးဝေးကွာပါရစေသား
အရှင်ဘုရား…။
Sunday, July 24, 2011
ကြွေခဲ့ရင်.....
ဥယျာဉ်မှာ အလှဆင်တဲ့ ပန်းပွင့်တွေ ကြွေကျရင်
သူ့သခင်က ယုယစွာ နှမြော တသသဖြစ်ကြမှာ......
လမင်းမရှိတဲ့ ညမှာ အလင်းဖြာပေးတဲ့
ကြယ်လေးတွေ ကြွေကျတဲ့အခါ
ဘယ်သူတွေက နှမြော တသသဖြစ်ကြမှာလဲ............?
တကယ်ဆို....
ငါက မင်းဘ၀ လမင်းပျောက်တုန်းခဏ
အလင်းပေးဖူးတဲ့ ကြွေလွင့်ရမဲ့ ကြယ်တစ်ပွင့်ပါပဲလား?
သဘာဝ နိယာမအရ
ပန်းတွေကြွေရင် မြေခတယ်
ဒီလိုဆို
ကြယ်တွေကြွေရင်
ဘယ်စကြ၀ဠာမှာ ကျမလဲ?
ငါ့အချစ်တွေကြွေရင်ရော.....
ဘယ်ရင်ခွင်မှာ ခရမလဲ...?
ဝန်ခံချက်။ ။ (ဇင်ယော်မောင်မောင် ရိုက်ကူးခဲ့သော ဇာတ်ကားတစ်ကားမှ စာသားဖြစ်တဲ့
"ပန်းတွေကြွေရင် မြေခတယ်။ ကြယ်တွေကြွေရင် ဘယ်သူ့ရင်ခွင်ပေါ် ကျမှာလဲ..." ဆိုတာကို ဆွဲဆံ့ထားတာပါ။)
Saturday, July 23, 2011
ကိုလူလည်
လက်ကိုင်ပုဝါလေးများရောင်းနေသည်
ကိုလူလည် ၁ ယောက်ဝယ်ချင်စိတ်များ က ၁ ဖွားဖွားဖြစ်ပေါ်လာလေသည် ။ ဒါနဲ့ပဲ
သူမေးလိုက်လေသည်
ကိုလူလည် = ၁ထည်ဘယ်လောက်လဲဗျို့
ဈေးသည် = ၂ကျပ်မတ်တင်းပါ
ကိုလူလည် တင်းသွားသည် ..ဒီဈေးသည်ငါ့တော့ချနေပြီ လူလည်ပဲလေ ဘယ်ရမလဲ
ဆစ်ရမှာပေါ့ဆိုပြီး အားရှိပါးရှိနဲ့ ဇွတ်ယူလည်းယူ ပြောလည်းပြော လုပ်လိုက်သည်
ကိုလူလည် = ခင်ဗျားများတာပေါ့ဗျာ ...၂ကျပ်တော့မတ်တင်းမနေနဲ့ဗျာ ..၂
ကျပ်တော့ထား ဟူသတည်း ...း) ...ဟီးဟီး
Friday, July 22, 2011
အမေး၊အဖြေ
အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။
အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။
အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။
အမေး။ မဟာ ဗန္ဓုလသည် မည်သည့်စစ်ပွဲတွင် ကျဆုံးခဲ့သနည်း။
အဖြေ။ သူ၏ နောက်ဆုံးစစ်ပွဲတွင် ဖြစ်သည်။
အမေး။ မင်းတုန်းမင်း၏ ငယ်နာမည်ကို သိပါသလား။
အဖြေ။ လုံးဝမသိကြောင်း ၀န်ခံပါသည်။
(Forward Mail များမှ ပြန်လည် မျှဝေပါတယ်)
Thursday, July 21, 2011
မကြင်နာတတ်သူတွေနဲ့ ဝေးကြပါစေ
ပူလိုက်တာဗျာ….. ဘန်ကောက်နေကြီးက ဒီလောက်ပြင်းနေတာကို သိရက်နဲ့ ဘာကြောင့်များ ကျွန်တော့်ကို မညှာတာပဲ နှိပ်စက်ထားခဲ့သလဲ မသိပါဘူး။ သူတို့က ချစ်တယ် သဘောကျတယ် ဆိုပြီးတော့ ကျွန်တော့်ကိုခေါ်လာကြတယ်။ အရင်တုန်းကဆို အခုလိုနေရမယ်မှန်းမသိလို့ ကျွန်တော်အရမ်းပျော်ခဲ့မိတယ်။ ရင်လည်းခုန်ခဲ့ရတယ်။
ဒါပေမဲ့ ရင်ခုန်သံတွေပျက်ပြီး ကျွန်တော့်ဘ၀ကို မျှော်လင့်ချက်မဲ့အောင် လုပ်ရက်လေခြင်းလို့ ပြန်တွေး ၀မ်းနည်းရင်း ကျွန်တော် ကျိတ်ပြီး ငိုခဲ့ရ ညည်းညူခဲ့ရတဲ့ နေရက်တွေ မရေတွက်နိုင်လောက်အောင်ပါပဲဗျာ။ ကျွန်တော့်ကို ဘာကြောင့်များ ကိုယ်ချင်းမစာကြသလဲဆိုတာတော့ မစဉ်းစားတတ်အောင်ပါပဲ။
သူတို့တွေပိုင်တဲ့ အိပ်ခန်းထဲမှာ ရှုပ်ပွပေရေအောင်တွေ ကျွန်တော် ဘာမှမလုပ်ခဲ့ရပါဘူး။ သူတို့တွေမုန်းလောက်အောင်လည်း ကျွန်တော်က အဆော့မသန်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော့်ကျေးဇူးရှင် သခင်မလေးကိုတော့ ကျွန်တော်ဘယ်လောက်ချစ်ကြောင်းသိအောင် တစ်ခါတစ်လေ သူ့ခြေထောက်တွေကို ကျွန်တော့်လျှာနဲ့ ယက်ပြီး ချစ်ခင်ကြောင်းပြတတ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ရဲ့ သဘာဝပဲ မဟုတ်လားဗျာ။ သခင်မလေးရဲ့ခြေထောက်ကို ဖွဖွကိုက်တာမျိုး လက်နဲ့ ကျီစယ်ဖက်တွယ် ထားတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါတွေက အပြစ်မဟုတ်လောက်ဘူးထင်ပါတယ်။
ဒါပေမဲ့… ကျွန်တော့်ကို အလျားလေးပေ နဲ့ အနံ တစ်ပေ ကျော်လောက်ပဲကျယ်တဲ့ ၀ရံတာအကန့်လေးမှာပဲ နေခွင့်ပြုတော့တယ်။ မနက်ကနေ နေ၀င်သွားတာတောင် သခင်မလေးရဲ့မျက်နှာကို မမြင်ရတာကြာလှပြီပေါ့။ တစ်နေကုန်တဲ့အထိ ကျွန်တော့်ကို အဲဒီမှာပဲ လှောင်ထားကြပါတယ်။ ကျွန်တော် အရမ်းဝမ်းနည်းတာပဲဗျာ။ စိတ်ညစ်စိတ်ရှုပ်တာလည်း အရမ်းပါပဲ။ လေးထပ်တိုက်ရဲ့ အပေါ်ဆုံးဝရံတာလေးမှာပဲ နေ့တိုင်းနေပူဒဏ်ခံရင်း နေ့ရက်တွေကို ကျွန်တော် ဖြတ်သန်းနေရတယ်။ ကျွန်တော့်အနားမှာ ရှိတာဆိုလို့ ကုလားထိုင်တစ်လုံးရယ်၊ သံနဲ့ဆောက်ထားတဲ့ ကျွန်တော့်အိမ်လေးရယ်၊ အခန်းပိုင်ရှင်ကိုကို လှန်းထားခဲ့တဲ့ ၀ရန်တာတံတိုင်ပေါ်က အ၀တ်လေးတွေရယ်ပေါ့ဗျာ။ အဆိုးထဲက အကောင်းတစ်ခုက အဲဒီကိုကိုက နေ့တိုင်းအ၀တ်လျှော်ပြီး လှန်းခဲ့တာလေးက ကျွန်တော့်အတွက် ကြီးမားတဲ့ ကံကောင်းခြင်းလို့ ပြောရမှာပေါ့။ အဲဒီအ၀တ်တွေရဲ့အရိပ်အောက်မှာ နားခိုရင်း ကျွန်တော်နေပူဒဏ်ကို ခုခံနေရတာလေ။
တစ်ခါတစ်ခါ ကျွန်တော့်ဘ၀အကြောင်းကိုတွေးမိတယ်။ အိမ်မွေးခွေးကလေးဖြစ်ရတာ သခင်တွေရဲ့ ယုယမှုအောက်မှာ ကြည်နူးရမလားပေါ့။ အခုတော့ဗျာ တိုက်အောက်မှာ ပေါ့ပေါ့ပါးပါးဆော့ကစားနေကြတဲ့ အလေအလွင့်ခွေးတွေထက်တောင် ကျွန်တော့်အဖြစ်က ဆိုးလိုက်တာ…။ အညောင်းအညာပြေ လမ်းလျှောက်ချင် ခုန်ချင်ဆော့ချင် ပေမဲ့လည်း အဲဒီ 4 ပေအလျားလေးက ကျွန်တော့် တစ်ခုန်စာလောက်တောင်မှ မရှိတာ..။
နေအေးတဲ့ ညနေစောင်းချိန်ဆို ကျွန်တော်ထိုင်ပြီး အောက်ကို ကြည့်နေရင်း စဉ်းစားမိတယ် သိလား။ ဒီတိုက်ပေါ်ကနေ ခုန်ချလို့ရရင် ကောင်းမှာပဲဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ကျွန်တော် မခုန်ရဲဘူး တိုက် ၄ ထပ်တိုက် အမြင့်ကြီးလေ။ ကျွန်တော် အရမ်းစိတ်ရှုပ် စိတ်ဓါတ်ကျတာမှန်ပေမဲ့ သေတွင်းနဲ့နီးတဲ့ စွန့်စားမှုကိုတော့ ကျွန်တော် မလုပ်ရဲပါဘူး။
ကျွန်တော်နေတဲ့တိုက်ရှေ့မှာ ခြံလွတ်တစ်ခြံရှိသေးတယ်။ ငှက်ကလေးတွေ ပျော်တဲ့ ခြံလေးပေါ့။ မန်ကျည်းပင်ကြီးတစ်ပင်နဲ့ မြက်ပင်တွေရှိတယ်။ အဲဒီခြံလေးမှာ ကစားရရင်တောင် ကျွန်တော် အရမ်းပျော်မှာပဲ။ ငှက်လေးတွေကိုလည်း လိုက်ဖမ်းရင်း ဆော့ကစားလို့ရတယ်လေ။
အိမ်မွေးခွေးတွေ တော်တော်များများ သူတို့သခင်တွေနဲ့ ညနေစောင်းမှာ လမ်းလျှောက်ထွက်တာကို မြင်တိုင်း ကျွန်တော် အတိုင်းအဆမဲ့ ၀မ်းနည်းရတယ်။ ကျွန်တော် ဒီလိုအဖြစ်ဆိုး ဘ၀ဆိုးကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာလဲဗျာ။ ခံစားရလွန်းလို့ ကျွန်တော်စိတ်တွေပင်ပန်းလှပ်ပြီ အာရုံတွေလည်း ထိုင်းမှိုင်းကုန်ပါပြီ…။
ဒါပေမဲ့လည်း ကျွန်တော်မှ ဘာမှမတတ်နိုင်ပဲလေ။ သူများတွေရဲ့ အိမ်မွေးတိရိစ္ဆာန်ဖြစ်ရပေမဲ့ ကံအကျိုးပေးမွဲလို့ ကြင်နာတတ်သလိုလိုနဲ့ ရက်စက်တတ်တဲ့ အရှင်သခင်မျိုးနဲ့ တွေ့ရတာပေါ့။ အမှန်တော့ ကျွန်တော့်ရုပ်လည်း မဆိုးပါဘူး။ အညိုရောင်ပေါ်မှာ အဖြူနဲ့ အနက်ရောင်အကွက်ကလေးရှိတဲ့ ဆံမွေးကို ပိုင်ဆိုင်ပါတယ်။ ဒါ့အပြင် ကုတ်နေတဲ့ နားရွက်လေးနဲ့ မျက်လုံးဝိုင်းပြီး သနားစဖွယ်မျက်နှာပေါက်နဲ့ပါ။ လူတွေပြောနေကြသလိုပေါ့ဗျာ ချစ်တဲ့ ကြင်နာတတ်တဲ့အကြည့်နဲ့ကြည့်ရင် လူတိုင်း (အဲ မှားလို့) တိရိ စ္ဆာန်တိုင်းက ချစ်စဖွယ်လေးတွေပါ။ ရွံမုန်းတဲ့အကြည့်နဲ့သာ ကြည့်ကြမယ်ဆိုရင် အဆိုးတွေချည်းပဲမြင်ကြမှာ မဆန်းပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် ဆန်းတာတစ်ခုကတော့ ချစ်လို့ဆိုပြီး တကူးတက ၀ယ်မွေးထားတဲ့ ကျွန်တော့်ကို ဘယ်အငြှိုးကြောင့်များ မကြင်နာဘဲ ရက်စက်ထားနိုင်သလဲဆိုတာ ကျွန်တော့်ရင်ထဲမှာ နေ့တိုင်းစဉ်းစားရင်း အဖြေရှာမရနိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ပေါ့ဗျာ…။
ဒီပုစ္ဆာရဲ့အဖြေကို ရှာလို့မရနိုင်မှန်းသိရက်နဲ့ တစ်နေ့တာရဲ့ နေပူဒဏ်ကို ၀ရံတာပေါ်မှာ ကြံ့ကြံ့ခံရင်း ကျွန်တော့်ရဲ့မနက်ဖြန်ပေါင်းများစွာတွေကို ဆက်ပြီးဖြတ်သန်းနေရင်း သတ္တ၀ါတွေအားလုံး ကျွန်တော့်လို လှောင်ပိတ်ခံနေရတဲ့ ဘ၀မှ ကင်းဝေးပါစေ၊ ချစ်တာတစ်ခုထဲ သိပြီး မကြင်နာတတ်တဲ့သူတွေနဲ့လည်း ဝေးကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်ဗျာ….။
ဒီပို့စ်လေးကတော့ ကျွန်မနေတဲ့တိုက်ရဲ့ရှေ့က သနားစရာကောင်းတဲ့ ခွေးကလေးတစ်ကောင်အကြောင်းကို ကိုယ်ချင်းစာစိတ်ဖြင့်ရေးလိုက်တာပါ။ နေ့တိုင်း သူ့ကို မြင်နေရတာ ကျွန်မလည်း သနားပေမဲ့ ဘယ်လိုအကူအညီမှ မပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
Tuesday, July 19, 2011
အာဇာနည်နေ့အတွက် ဂုဏ်ပြုကဗျာ
Monday, July 18, 2011
မွေးနေ့အမှတ်တရအတွက်.......
လူ့လောကကို စတင်ဝင်ရောက်ခဲ့တဲ့နေ့ကနေ တစ်နှစ်ပြီးတစ်နှစ် သက်တမ်းတွေဖြတ်သန်းခဲ့တာ
(၂၇) နှစ် ဆိုတဲ့ အတိုင်းအတာတစ်ခုတောင် ရောက်ပြီပဲ….။ ဒီလို လူ့လောကရဲ့ရသမျိုးစုံ ခံစားခွင့်ရအောင် မွေးဖွားသန့်စင်ပေးခဲ့သော မေမေ၊ လုပ်ကိုင်ကျွေးမွေးခဲ့သော ဖေဖေတို့အား အဝေးကနေ ရိုသေမြတ်နိုးစွာ ကန့်တော့လိုက်ပါတယ်။
မိဘတွေမျက်စိအောက်မှာ အပူအပင်ကင်းကင်းနဲ့ ဘ၀ကို ဖြတ်ကျော်ခဲ့ရပေမဲ့ အဖေအမေနဲ့ ဝေးခဲ့တဲ့ အချိန်မှာတော့……ကျွန်မကို ပြုပြင်သွန်သင်ခဲ့တာက .အနီးစပ်ဆုံးအနေနဲ့ ပေါင်းသင်းဆက်ဆံခဲ့ဖူးတဲ့ သူငယ်ချင်းမိတ်ဆွေတွေပဲလေ……..။ သူငယ်ချင်းတစ်ယောက်ချင်းဆီကနေ မတူညီတဲ့ စိတ်စွမ်းအားတွေနဲ့သာ ကျားကန်မထားခဲ့ဘူးဆိုရင် ဒီနေ့ဒီအချိန်မှာ ကျွန်မ ဒီအခြေအနေထိ ရှိချင်မှရှိနေမှာပါ။
အပြင်ပန်း ရင့်ကျက်တယ်လို့ သူငယ်ချင်းတွေဆီကနေ ခဏခဏပြောစမှတ်ပြုခံရတဲ့ ကျွန်မ……..တကယ်တော့ သူတို့လေးတွေဆီက ရတဲ့ မေတ္တာ၊ စေတနာတွေနဲ့သာ ကျွန်မရဲ့ အနာဂတ်မှိန်မှိန်လေးကို ဆက်ပြီးရေးဆွဲ ဆေးချယ်နေဖြစ်ခဲ့တာကြာပါပြီ…..လောကဓံကို အမျိုးမျိုးနဲ့ ကြံ့ကြံ့ခံနိုင်ခဲ့တာ မိဘဆီကနေအပြင် သူငယ်ချင်းတွေဆီက အမှာစကားတွေ၊ သတိပေးမှုတွေ အားပေးမှုတွေအပေါ် အများကြီးမူတည်နေခဲ့တာ ကျွန်မအသိဆုံးပေါ့………။
ပျော့ကွက်တွေများစွာနဲ့ ကျွန်မ………..ခေါင်းမာပေတေနိုင်တဲ့ကျွန်မကို သည်းခံပြီး သူငယ်ချင်းအဖြစ်သတ်မှတ်ပေးတဲ့ သူငယ်ချင်းတွေကို ပါးစပ်ကနေ နှုတ်ထွက် ဖွဲ့နွဲ့မပြောဆိုတတ်ပေမဲ့
ကျွန်မ သူတို့အပေါ် ဘယ်လောက်ထိ သံယောဇဉ်ရှိလဲဆိုတာ သူတို့ကိုယ်တိုင်ပဲ နားလည်လိမ့်မယ်လို့ ယုံကြည်နေမိတယ်။
တခါတလေ စကားအဖြစ်ထုတ်ပြောလိုက်လို့ အဓိပ္ပါယ်သတ်မှတ်ချက်တစ်ခုအနေနဲ့ ပြည့်စုံသွားပေမဲ့ တချို့ခံစားချက်တွေကျတော့ စိတ်ထဲမှာ သိမ်းထားပြီး လိုအပ်ချိန်မှာ ထုတ်ပြနိုင်တာက ပိုတန်ဖိုးရှိတယ်လို့ ကျွန်မထင်တယ်။
ဒီနေ့လိုပေါ့လေ………. ကျွန်မသူငယ်ချင်းတချို့က စကားလုံးနဲ့ ထုတ်မပြောပဲ လိုအပ်ချိန်မှာ သူတို့ရဲ့ အသိအမှတ်ပြုမှုတစ်ခုကို ကျွန်မကို ထုတ်ပြခဲ့ကြတယ်။။။ သူတို့ရဲ့စေတနာတွေကို ကျွန်မ စကားလုံးတွေနဲ့ နှိုင်းယှဉ်မပြတတ်တာအမှန်ပါ………။
ကျွန်မကို အရမ်းချစ်တယ်လို့ ဒီသူငယ်ချင်းတွေ ထုတ်မပြောခဲ့ဖူးပါဘူး။ ဒါပေမဲ့ … သူတို့လုပ်ရပ်နဲ့ သက်သေပြခဲ့တယ်။ တခြားလူတွေအတွက် မွေးနေ့ကိတ်လေးနဲ့ surprise အလုပ်ခံရတာ သာမန်ကိစ္စတစ်ခု ဖြစ်ချင်ဖြစ်လိမ့်မယ်………ကျွန်မအတွက် ဒီ ၂၆ နှစ်လုံးလုံးဖြတ်ကျော်ခဲ့ဖူးပြီးပြီ……… ဒါဟာ ကျွန်မအတွက် ပထမဆုံးဖြစ်သလို ကျွန်မအပေါ် ထားတဲ့ သူတို့စေတနာရဲ့ လေးနက်မှုတွေကို ထုတ်ပြခဲ့ကြတယ်။
ပုံမှန် ပျော်ရွှင်မှုနည်းတဲ့ ကျွန်မအတွက် သူတို့ပေးတဲ့ ပျော်ရွှင်မှုရသကတော့ ကျွန်မတစ်ဘ၀လုံးအတွက် အမှတ်တရတစ်ခု ဖြစ်နေတော့မှာ သေချာတယ်။ နူးညံ့တဲ့ ကျွန်မနှလုံးသားမှာ သိမ်မွေ့စွာ ကမ္ဗည်းစိုက်ထားလိုက်ပါပြီ သူငယ်ချင်းတို့…………။ ကျွန်မကို ပျော်ရွှင်မှု ပေးနိုင်တဲ့ သူငယ်ချင်းတွေလည်း ထပ်တူ ပျော်ရွှင်ကြပါစေလို့ တန်ပြန်ဆုတောင်းပေးပါတယ်။
ကျွန်မသူငယ်ချင်းတွေစုပြီး ကျွန်မအတွက် တစ်သက်သာ အမှတ်ရနေစေမဲ့ မွေးနေ့လေးကို ဖန်တီးကျင်းပပေးခဲ့ကြတယ်။ အံ့သြမှုတွေနဲ့အတူ ပျော်ရွှင်မှုတွေ ဖန်တီးပေးခဲ့ကြတယ်။ ဒါ့အပြင် လက်တွေ့မှာ ၀ယ်သုံးဖို့ အကောင်အထည်မဖော်နိုင်ခဲ့တာကို သူတို့တွေ စုပေါင်းအားနဲ့ ကျွန်မစိတ်ကူးကို ၀ိုင်းဝန်းပုံဖော်ပေးခဲ့ကြတယ်။ သူတို့တွေကို ကျေးဇူးတင်တယ်ဆိုတဲ့ စကားပြောရမှာ ကျွန်မအားနာမိတယ်။
ဒီထက်လေးနက်တဲ့ စကားလုံးတွေနဲ့ ပြောချင်တယ်။ ကျွန်မစိတ်ရင်းတွေကို သိတဲ့ သူငယ်ချင်းတွေပဲမဟုတ်လားနော်…….. ကျွန်မ….သူတို့ကို ဘယ်လောက်ထိ လှိုက်လှဲတဲ့အကြည့်နဲ့ပဲ သူတို့ ခံစားနားလည်နိုင်မှာပါ။
ကျွန်မကို ပျော်ရဲ့လား မေးချင်ကြသေးလားဟင်………..ပြောမပြတတ်အောင် ပျော်ပါတယ်။ လက်တွေတုန်တဲ့အထိ ရင်ခုန်ပြီး ပျော်ခဲ့ရပါတယ်… ကျွန်မရဲ့ပျော်ရွှင်မှုနဲ့အတူ သူငယ်ချင်းတွေလည်း ထပ်တူ ပျော်ခဲ့ကြမယ်လို့လည်း ယုံကြည်ပါတယ်။
တကယ်ကို surprise ဖြစ်ခဲ့ရတဲ့အတွက် ဂွကျကျအဖြစ်အပျက်လေးနဲ့အတူ ဒီ(၂၇) မြောက်မွေးနေ့လေးဟာ နောင်လာမဲ့ မွေးနေ့တွေအတွက် အမှတ်တရ ဟာသလေးတစ်ပုဒ် ဖြစ်ကျန်ခဲ့မှာသေချာတယ်………။
ဒီပထမဆုံး ပို့စ်လေးကတော့ ကျွန်မ မွေးနေ့ အမှတ်တရနဲ့အတူ ကျွန်မသူငယ်ချင်းများရဲ့ စေတနာကို ဂုဏ်ပြု ကျေးဇူးတင်သောအားဖြင့် ကွန်နက်ရှင် အခက်အခဲကြားက ဇွဲနပဲကြီးစွာ တင်လိုက်နော်...။ညနေ ၈နာရီနောက်ပိုင်းကနေ ၁၂ နားကပ်မှ ပို့စ်တင်ခြင်းကိစ္စပြီးမြောက်ကြောင်းပါ....။ အမြဲတမ်းအရာရာနဲ့ အကြောင်းကြောင်းမို့ သူငယ်ချင်းတွေ အဖြူရောင်သံစဉ်မှာ သီချင်းတောင်းပေးနေတာကို အိပ်မက်လှိုင်းမှာ သွားနားထောင်နေမိတဲ့အတွက် တောင်းပန်တယ်နော် ....... ကြုံရင် ဒီအကြွေးပြန်ဆပ်ပါ့မယ် သီချင်းကောင်းကောင်းလေး ပြန်တောင်းပေးမယ်.....:P အခုလောလောဆယ်တော့ စိုင်းစိုင်းသီချင်းလေးပဲ နားထောင်လိုက်ပါဦး။
သူငယ်ချင်းများစွာ (စိုင်းစိုင်းခမ်းလှိုင်)
Tyz (RC)