Friday, April 26, 2013

ရွှန်း..လဲ့ဖြာလင်း



လေပြေနုနုအဝေ့မှာ
မြက်ခင်းရနံ့ထုံသင်း
တိမ်မင်းကဖြူလွှလွှ
လမင်းကြီးလည်း ပြည့် ပြည့်ဝန်း
ရွှန်းရွှန်းစိုလဲ့ဖြာလင်း
ငွေမှင်ရည်အဆင်းနှယ်
ရှု မ၀နိုင်ဖွယ် သဘာဝအလှ
လရောင်ခင်းတဲ့ ညမင်းဝယ်
သြော်……
ရွှန်းလဲ့ဖြာလင်း ညမင်းဝယ်။ ။

 စကားမစပ် လသာရင် ကျွန်မကို သတိရသော သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်သောအားဖြင့် လသာညမှာ ကဗျာရေးဖို့ စိတ်ကူးထားရာကနေ ဒီကဗျာလေး ရေးဖြစ်သွားတဲ့အတွက်လည်း တဖန် ကျေးဇူးတင်ပါတယ်။ စာရေးဆရာ မဟူရာ (လွိုင်ကော်) ရဲ့ဝတ္ထုထဲက ကဗျာတွေဖတ်ပြီး စာရေးဆရာရဲ့ ဖွဲ့နွဲ့ဟန်ဖြင့် ကြိုးစားရေးကြည့်ထားတဲ့ ကဗျာလေးပါ။ စာရေးဆရာရဲ့ အနုအရွစာလုံးအလှတွေနဲ့အဖွဲ့အနွဲ့တွေကို အရမ်းနှစ်သက်အားကျခဲ့တာ ၀တ္ထုတွေစဖတ်ကတည်းကစပြီး အခုထိပါပဲ။ 
 သူငယ်ချင်းများလည်း လသာတဲ့ညချမ်းတွေမှာ ငြိမ်းအေးစွာ မှေးစက်နိုင်ကြပါစေလို့.....:)

Thursday, April 25, 2013

သဘာဝနည်းဖြင့် ဆံပင်ဖြောင့်ခြင်း

ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းနေစေဖို့ အိမ်မှာပဲ ပြုလုပ်လို့ရတဲ့ လွယ်ကူတဲ့ နည်းလမ်းတွေ ရှိပါတယ်။  သင့်အိမ်မီးဖိုချောင်မှ အလွယ်တကူ ရရှိနိုင်တာတွေကို အသုံးပြုပြီး သင့်ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းအောင် လုပ်ကြည့်ပါ။


နည်းလမ်း (၁)

- အုန်းသီးကိုခြစ်၊ အရည်ညှစ်ပြီး ရေခဲသေတ္တာထဲမှာ ၄၅ မိနစ်ကြာ ထည့်ထားပါ။

- အဲဒီနောက် ရေခဲသေတ္တာထဲက ထုတ်ပြီး အုန်းနို့အပေါ်ယံမှာ စုနေတဲ့ ခရင်မ်ကို ခပ်ယူပါ။

- အဲဒီခရင်မ်ထဲကို သံပရာအရည် သုံးစက်ထည့်ပြီး သေချာစွာ ရောမွှေပေးပါ။

- ရလာတဲ့ အရောအနှောကို ဦးရေပြားပေါ်လိမ်းပြီး ခေါင်းစွပ်စွပ်ထားပါ။

- တစ်နာရီလောက်ထားပြီးမှ ခေါင်းလျှော်ပေးပါ။

နည်းလမ်း (၂)

- နွာနို့တစ်ခွက်ထဲကို ပျာရည်တစ်ဇွန်း ထည့်ပါ။

- စတော်ဘယ်ရီသီး အနည်းငယ်ကို ခြေထည့်ပြီး အားလုံးကို နှံ့အောင် သေချာစွာ ရောမွှေပေးပါ။

- ရလာတဲ့ အရောအနှောကို ဆံပင်ပေါ် သုတ်လိမ်းပြီး အခြောက်ခံထားပါ။

- နှစ်နာရီကြာတဲ့အခါ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးပါ။

နည်းလမ်း (၃)

- နွာနို့က ဆံပင်ဖြောင့်စင်းဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ နွားနို့ကို ဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ပြီး ဆံပင်ပေါ်ကို ဖျန်းပေးပါ။

- အဲဒီနောက် ဆံပင်ကို ရှမ်ပူနဲ့ လျှော်ပါ။

- ဆံပင်တွေ ရေစိုနေတုန်းမှာ ညင်သာစွာ ဘီးနဲ့ဖြီးပါ။

နည်းလမ်း (၄)

- သံလွင်ဆီကို အနည်းငယ် အပူပေးပြီး ဆံသားအားလုံးအနှံ့ လိမ်းပေးကာ ဦးရေပြားကို ညင်သာစွာ နှိပ်နှယ်ပေးပါ။

- အဲဒီနောက် တဘက်နဲ့ ခေါင်းပေါင်းပြီး နာရီဝက်ကြာမှ ခေါင်းလျှော်ပါ။

- ဆံသားကို တောက်ပြောင်စေရုံ သာမက အရှည်မြန်စေပါတယ်။

ဒီနည်းလမ်းတွေထဲက တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ပေးပါက ဆံသားဖြောင့်စင်း စေပါတယ်။
မူရင်းလင့်ခ်

Wednesday, April 17, 2013

whiskey lullaby


"ချစ်" ရေးပေးခဲ့တဲ့ သီချင်းနာမည်လေးတွေအတိုင်း တစ်ပုဒ်ချင်း လိုက်နားထောင်ရင်း ....ဇာတ်လမ်းကိုတောင် မြင်ယောင်သွားမိတဲ့ ဒီသီချင်းလေးကို မကြိုက်ပဲမနေနိုင်လို့ တင်လိုက်ပါတယ်။ နားဆင်ကြည့်ပါ...ရုပ်ရှင်ကြည့်နေရသလိုပါပဲ.. စကားလုံးတွေက ရိုးရှင်းပြီး ရသမြောက်လွန်းပါတယ်။

မှတ်ချက်။ ။ "ချစ်" = ချစ်စုဝင်းထိန် :)
အင်္ဂလိပ်သီချင်းတွေ နားထောင်ချင်ပေမဲ့ ဘာတွေနားထောင်ရမှန်းမသိလို့ ကျွန်မကို သီချင်းကောင်းတွေ နားထောင်စေချင်တဲ့စေတနာနဲ့  ကောင်းနိုးရာတွေရွေးချယ်ပြီး သီချင်းနာမည်တွေ ရေးပေးခဲ့တဲ့ သူငယ်ချင်းချစ်ကို ကျေးဇူးတင်ပါတယ်။

Sunday, April 14, 2013

လွမ်း.....လွမ်း

ငုပိတောက်တွေ ပွင့်လို့လန်း
နွေလေဦးတွေ တဖြန်းဖြန်း
အတာသင်္ကြန်က အံ့မခန်း။

ပက်ဖြန်းမဲ့အတာရေတွေ
နံ့သာမွှေးလို့ရင်မှာအေး
အပူပြေလို့အပျော်တွေဝေစေ။

အတာသင်္ကြန်ကို မြတ်နိုးသူ
မြန်ပြည်ကြီးနဲ့ဝေးသူမှာ
အခန်းလေးထဲမှာ တွေးကာလွမ်း
အွန်လိုင်းမှာပဲ ငေးကာလွမ်း
တွေးကာလွမ်း  ငေးကာလွမ်း
........လွမ်း လွမ်း လွမ်း။:P


ဓါတ်ပုံလင့်ခ် 
ရေးပြီးချိန်။ ။ ညနေ ၄း၀၆ တနင်္ဂနွေနေ့ ၁၄.၄.၂၀၁၃

ပေါ့ပေါးပါးပါးလေး ရေးကြည့်တာပါ။ စိတ်ထဲက လာသမျှ ချရေးသည်။:P
သူငယ်ချင်းများအားလုံး မင်္ဂလာနှစ်သစ်မှာ သစ်လွင်တောက်ပတဲ့ ခြေလှမ်းနဲ့အတူ အေးချမ်းစွာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။



Thursday, April 11, 2013

ဂျပန်ကာတွန်း -၃

ဒီတစ်ခါတော့ လွယ်လွယ်လေး ကြည့်လို့ရတဲ့ လင့်ခ်ကိုပဲ ရှာထည့်ထားပါတယ် :)

(Whisper of the heart)  http://www.animeplus.tv/whisper-of-the-heart-movie


(The girl who leapt through time) http://www.animeplus.tv/the-girl-who-lept-through-time-movie
 
(Miyori) http://www.animeplus.tv/miyori-no-mori

(Porco Rosso)  http://www.animeplus.tv/porco-rosso-movie

(paprika ) http://www.animeplus.tv/paprika-movie