Wednesday, February 29, 2012

Tuesday, February 28, 2012

Monday, February 27, 2012

လမ်းအသွယ်သွယ်


















Photo from ...

Keralites@yahoogroups.com



ဒီလမ်းလေးတွေဆီကို မရောက်ဖူးပေမဲ့လည်း ဖြတ်သန်းခဲ့တဲ့ ဘ၀လမ်းတစ်လျှောက်မှာဆိုရင် ဒီလိုလမ်းမျိုးကို လူတိုင်းနီးပါး ဖြတ်သန်းဖူးကြမယ်ထင်တယ်။ အကွေ့အကောက်အမျိုးမျိုး၊ အနိမ့်အမြင့်အမျိုးမျိုးနဲ့ ဘ၀လမ်းကိုလည်း ဖြတ်သန်းဖူးတယ် စွန့်စားစရာလမ်းမျိုးလည်းကြုံဖူးခဲ့တယ်။ ခက်ခဲကြမ်းတမ်းတဲ့ လမ်းလည်း လျှောက်ဖူးပြီးပြီ။ သာယာကြည်နူးစရာကောင်းတဲ့ လမ်းမျိုးကိုလည်းခဏတဖြုတ်ပဲဖြစ်ဖြစ် ဖြတ်သန်းခဲ့ဖူးတာပဲ......။ တကယ့်လက်တွေ့ဘ၀မှာ ဒီလိုလမ်းတွေနဲ့ပဲ အမြဲလည်ပတ်နေရတယ်.........အနိမ့်အမြင့်အကွေ့အကောက် အချောအကြမ်းအစုံပါပဲ... နောင်လာမဲ့ အနာဂတ်မှာလည်း ဒီလိုလမ်းမျိုးတွေနဲ့ ဆက်လက်လျှောက်လှမ်းနေရဦးမှာလည်း သေချာတယ်။။ ဘ၀ဇာတ်မသိမ်းမချင်းပေါ့...........။ ။ ဒီလမ်းအမျိုးမျိုးတွေထဲမှာတော့ ပန်းခင်းလမ်းပဲ လျှောက်ပါရစေလို့ ဆုတောင်းပေးလို့ မရနိုင်သလို ကိုယ်တိုင်ဆုတောင်းယူလို့လည်းမရနိုင်ဘူး။ ။ ဒါပေမဲ့လည်း သူငယ်ချင်းတွေကိုတော့ ပန်းခင်းလမ်းမှာ ကြာကြာလျှောက်လှမ်းခွင့်ရပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

Wednesday, February 22, 2012

မိသားစု

ဒီအပင်က ပေါက်ဖွားလာတဲ့
အသီး အပွင့် တွေဟာ
တစ်ချိန်မှာ
သူ့မျိုးစေ့နဲ့ သူ ရှင်သန်ကြမှာပဲ. . .။

သူတို့ တစ်တွေ
အသီးအပွင့် ဘယ်လို ဖြစ်လာကြတယ် ဆိုတာ
သိသလို
လောကဓံ တရား အကြောင်းကိုလည်း
နားလည် ကြပါတယ်။
ဒီ သစ်ကိုင်းပေါ်မှာမှ
ထာဝရ ရပ်တည်လို့ မရနိုင်တာ
သူ ရှင်သန်ဖို့
သူ ကြိုက်ရာမြေ ရွေးပါစေလေ . . .
ရေခံမြေခံ မကောင်းတာတော့
သူ့ အကြောင်းတရားပေါ့ ။

ဒီလိုနဲ့
ညနေ ထမင်းဝိုင်းလည်း
ပန်းကန်ချပ်ရေ လျှော့လာ
နောက်ဆုံးတော့
အရင် အတိုင်း ပင်စည် နှစ်ခွသာ . . .။ ။

ရေးသူ - ရိုးမြင့်ကောင်းသစ် -

(ဒီကဗျာလေးဖတ်ပြီးတော့...အဝေးတစ်နေရာစီမှာ ရှိနေကြရတဲ့ မိသားစုဝင်တွေကို အရမ်းလွမ်းမိတယ်။ လျော့သွားတဲ့ ပန်းကန်တစ်ချပ်ထဲမှာ ကျွန်မပန်းကန်လည်းအပါအ၀င်ဖြစ်ခဲ့တာ ၁၀ နှစ် ၀န်းကျင်ရှိခဲ့ပြီ။ မျိုးစေ့ရှင်သန်ဖို့ ကြိုက်ရာမြေကိုရွေးခဲ့ပေမဲ့လည်း မျိုးနဲ့မြေ ဓါတ်မတည့်လို့ပဲ အသီးအပွင့်တွေ အခုထိ မအောင်နိုင်ခဲ့သေးတာလား?။

အနာဂတ် လူငယ်လေးများ ကိုယ်နဲ့လိုက်ဖက်ရာ မြေခံရေခံအစစ်အမှန်ကို ရှာဖွေရွေးချယ်နိုင်ကြပါစေ........)

Thursday, February 16, 2012

မင်းပဲစချော့.....

မင်းစချော့ပါ သီချင်းကို နားထောင်ဖူးခဲ့ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်ကိုယ်တိုင် အစည်းအဝေးပါတီပွဲမှာ အဲဒီသီချင်းတက်ဆိုဖို့ အဆိုလေ့ကျင့်နေတာကိုကြားမိမှပဲ ဒီလိုအတွေးတစ်ခု ၀င်လာခဲ့တယ်။

မင်းပဲစချော့....

ဘာညာအထာတွေ ငါ့မှာမရှိဘူး
မာနဆူးတွေလည်း ခ၀ါချပြီးသား။

အမှားတချို့လေးအတွက်နဲ့
နင်ကျောမခိုင်းလိုက်ပါနဲ့။

မမာနိုင်သေးတဲ့ ငါ့နှလုံးသားကို
အရင်လို မကြင်နာနိုင်ခဲ့ရင်တောင်
တွယ်တာမှုလက်ကျန်နဲ့ပဲ
မင်းဘက်က စချော့ပေးပါ။

ငါ့ဘက်က မိန်းမသားဆိုတော့
နီးလျှက်နဲ့ တို့ဝေးမသွားချင်ရင်ပေါ့
မင်းဘက်ကပဲ စချော့ပေးပါ။ ။

ဒီအတွေးလေးကို တွေးမိသွားစေသူ သီချင်းဆိုပြခဲ့တဲ့ ညီမလေးကိုလည်း ကျေးဇူးတင်ပါတယ်။

ချစ်သူစုံတွဲများ အားလုံးပါပဲ.....စိတ်ဆိုးတခါ စိတ်သာတလှည့်နဲ့ ချစ်ခြင်းတွေကို အပြစ်ကင်းစွာနဲ့ နှောင်ဖွဲ့တတ်ကြပါစေ........:P



Wednesday, February 15, 2012

အရေးကြောင်းထင်ခြင်းအတွက် အိမ်တွင်းကုထုံးများ

ကြက်ဥအကာ၊ ဘဲဥအကာ
ကြက်ဥအကာ၊ဘဲဥအကာမှာ ဗီတာမင်ဘီအုပ်စုပါဝင်တာကြောင့် အရေပြားကို တင်းရင်းစေပြီး အရေးကြောင်းကို လျော့ကျစေပါတယ်။ ကြက်ဥ၊ ဘဲဥအကာနှစ်လုံးကို မွှေပြီး မျက်နှာပြင်ပေါ်လိမ်းကာ မိနစ် ၃ဝလောက်ထားပေးပါ။ပြီးရင် မျက်နှာကို ရေအေးနဲ့ ဆေးကြောပေးပြီး ခြောက်အောင်သုတ်လိုက်ပါ။


နာနတ်သီး
ရေခဲသေတ္တာထဲမှာ နာနတ်သီးစိတ်ကိုထည့်ထားပြီး မျက်နှာပေါ်ကိုလိမ်းပေးပါ။ နာနတ်သီးစိတ်မှာပါတဲ့ အစွမ်းထက်အင်ဇိုင်းတွေက အရေပြားကို စိုပြည်စေပြီး ဆဲလ်သေတွေကို ကင်းစင်စေပါတယ်။ နာနတ်သီးစိတ်နှစ်စိတ်ကို အရည်ညှစ်ပြီး မျက်နှာပြင်ပေါ်လိမ်းကာအချိန် ၁၅မိနစ်ကြာမှ ရေနဲ့ ဆေးလိုက်ပါ။


အုန်းဆီ
အုန်းဆီဟာ အင်တီအောက်ဆီးဒင့် အဆီဖြစ်တာကြောင့် မျက်နှာကိုတင်းရင်းနုပျိုစေပါတယ်။ အုန်းဆီစစ်စစ်ကို ဗီ တာမင်အီးအဆီအစက် အနည်းငယ်နဲ့ရောပြီး အိပ်ရာမဝင်ခင် မျက်နှာပြင်ပေါ် လိမ်းပါ။ နံနက်ခင်းရောက် မှရေနဲ့ မျက်နှာသစ်ပေးပါ။


သံပရာရည်၊ ရှောက်ရည်
သံပရာရည်၊ ရှောက်ရည်မှာ ပါတဲ့အစွမ်းထက် ကြေးချွတ်အာနိသင်ကြောင့် အရေးကြောင်းတွေ ကို လျော့ပါးစေပါတယ်။ သံပရာရည်၊ ရှောက်ရည်အစက်အနည်းငယ်ကို အရေပြားပေါ်လိမ်းပေးပါ။ ဝက်ခြံဖုတွေကိုလည်း ပျောက်စေပါတယ်။


ရွှေဖရုံစေ့
ရွှေဖရုံစေ့မှာ ပါတဲ့ ဗီတာမင်အီးဟာ မျက်နှာအရေပြားတင်းရင်းစေတဲ့ကော်လာဂျင်ကို ဖြစ်ပေါ်အောင် အားပေးကာ အရေပြားဆဲလ်တွေကို ကျန်းမာလှပစေပါတယ်။ ရွှေဖရုံစေ့လက်တစ်ဆုပ်စာကို ကြိတ်ချေပြီး သံလွင်ဆီလက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ရောမွှေကာ အသားအရေပေါ်မှာ လိမ်းပေးပါ။


source: စွယ်စုံမီဒီယာ