Saturday, March 24, 2012

ဟွေဟင်ကမ်းစပ် သက်သေတည်၍…














စိတ်အမောတွေဖြေလျှော့ဖို့

ကမ်းခြေကိုလာခဲ့မိပေမဲ့

အလွမ်းဓါတ်တွေနဲ့ ပြည့်နေသူမို့ထင်…..။

ပင်လယ်ပြင် ဒီလှိုင်းခတ်သံနဲ့

နားဝင်ပီယံတဲ့ ဟွေဟင်ကမ်းစပ်လေးမှာ

အထီးကျန်ခြင်းတွေက ပင်လယ်လေနဲ့အတူ

ငါ့ရဲ့ထံပါး ……….

တို့ထိဆော့ကစားသွားကြပြန်တယ်။


ကမ်းစပ်လေးနဘေး

ဟိုဒီရပ်ငေးရင်း …..

ပျော်ရွှင်ခြင်းကင်း နှလုံးသားတစ်စုံနဲ့

ကွဲအက်သွားတဲ့ကဗျာအပိုင်းအစတွေ

နဘေကာရံ မညီလည်းပဲ ရွတ်ဆိုနေမိသေးတယ်။


အနားသတ်မမြင်နိုင်တဲ့ ပင်လယ်ပြင်ကြီးလို

ကန့်သတ်မဲ့လွမ်းဆွတ်မှုတွေက

ငါ့ရင်နဲ့မဆံ့အောင်…………။


လှိုင်းပုတ်ခတ်တဲ့သံစဉ်နဲ့အတူ

တူနှစ်ကိုယ်ထားခဲ့သစ္စာတွေကို

တမ်းတမှုနဲ့ တယုတယ

ပြန်လည်သီကုံးပြီး

တရိပ်ရိပ်ပြေးလွှားနေကြတဲ့

အပူအပင်မဲ့ ဟိုး….ဟို တိမ်သားတွေဆီ

ဝိုးတ၀ါး လှမ်းမျှော်ကြည့်ရင်း

ရင်ခွင်တခုကိုတည်လို့

ဟွေဟင်ကို သက်သေထား

အားကိုးကြီးစွာ…..

ငါ တိုင်တည်မိပြန်တယ်။


ဟွေဟင်လှိုင်းခတ်သံနဲ့အတူ

ယူငင်ဆောင်ကျဉ်းပေးပါ

ပင်လယ်ပြင်ကြီးရယ်….

တမ်းတမှုတွေ

အတိုင်းအဆမဲ့စွာနဲ့

ကြေကွဲခြင်းလှိုင်းခတ်နေတဲ့

ငါ့နှလုံးသားအပိုင်းအစတွေကို ..

ဟောဒီ ဟွေဟင်ကမ်းစပ်မှ

လေပြေညှင်းတွေကတဆင့်

လွင့်မျောသွားတဲ့

တိမ်တိုက်တွေနဲ့အတူ

.........ခိုစီးလိုက်ပါသွားတဲ့

........ငါ့တိုင်တည်သစ္စာတွေကို

တစ်ယောက်သော (သူ) သာလျှင်

ခံစားကြားသိနိုင်စေ ......။






(သူ)...............

သာလျှင်...............

ခံစားကြားသိနိုင်ပါစေ...... ။ ။

ရေးပြီးချိန်-၁၇ရက် မတ်လ ၂၀၁၂ မနက် ၁၂:၅၈ နာရီ။

ဟွေဟင်ကမ်းခြေသွားသော အမှတ်တရအဖြစ် ရေးခဲ့သည့်ကဗျာ။။ ဓါတ်ပုံရိုက်ပေးတဲ့ ညီမ ၀ါးဝါး (ခ) နော်ဝါးဂေး ကို ကျေးဇူးတင်ပါသည်။

No comments: