Sunday, March 18, 2012

တခါတလေ ဒါတွေ လိုအပ်နေပါတယ်

အသိမိတ်ဆွေတွေကို ယုံကြည်မိလို့ တခါတလေ ပြန်ရလိုက်တဲ့ ရလဒ်တွေက ယုံကြည်မိသူအဖို့ ကိုယ်ကိုယ့်ကိုယ် ဘာမှနားမလည်တဲ့ ငနုံငအတစ်ယောက်လိုလိုဖြစ်ကျန်ခဲ့ရဖူးပါတယ်။ အကြိမ်ပေါင်းတွေလည်း မရေတွက်နိုင်အောင်ပါပဲ..........။ တစ်ခါအခိုးခံရရင် သူခိုးအပြစ် ၊ ၂ ခါ အခိုးခံရရင် အခိုးခံရသူတွေရဲ့အပြစ် ဆိုတဲ့ ဆိုရိုးစကားလိုပဲ..........။ ရိုးသားစွာတွေးတော ယုံကြည်မိခြင်းရဲ့အပြစ်ဆိုး အားနည်းချက်ကြီးကြောင့် ခါးသက်နဲ့မျက်ရည်တွေနဲ့အတူ နာကျင်ဝမ်းနည်းခဲ့ရဖူးပါတယ်။ ဒီလိုယုံကြည်လွယ်တဲ့အကျင့်တွေ ကျွန်မအပြင် တခြားသူတွေမှာလည်း ရှိကောင်းရှိလိမ့်မယ်ထင်ပါတယ်။
လောလောဆယ် ကျွန်မသူငယ်ချင်းတစ်ယောက်ကတဆင့် ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်ဟာ ကျွန်မလို အယုံလွယ်ပြီး မုသားတွေလည်းအပြောနည်းသူတစ်ယောက်ပါ။ ကိုယ်တိုင်ကြုံဖူးလို့ ကိုယ်ချင်းစာနားလည်မိပါတယ်။ သူငယ်ချင်းအပေါ်ယုံကြည်လိုက်ခြင်းကြောင့် သူ့မှာ မျှော်လင့်မထားတဲ့ အခက်အခဲတစ်ခုကို ရင်ဆိုင်နေရတယ်လို့ ကျွန်မကြားသိလိုက်ရတဲ့အချိန်မှာ မကြာသေးခင်တုန်းကမှ ကျွန်မကိုခင်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မရဲ့ယုံကြည်မှုအပေါ် စနောက်ရင်း သင်ခန်းစာတခု ပေးခဲ့ပါတယ်။ သူပေးတဲ့သင်ခန်းစာကိုအခြေခံပြီး ကျွန်မကိုယ်ကျွန်မ အရင်ကထက် သတိပိုပြီးထားဖို့ ဒီစာတိုလေးကို ရေးခဲ့မိပါတယ်။
တိုက်ဆိုင်မှုတွေ ရှိလာလို့သာ ဒီစာပိုဒ်လေးက ဒီစာမျက်နှာပေါ် ရောက်လာရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သတိရှိတတ်လာအောင် ကျွန်မရဲ့ယုံကြည်မှုကိုစနောက်ရင်း (နင် အယုံမလွယ်တော့အောင် သင်ပေးတာပါ) ဆိုတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။

ကျွန်မလို ယုံကြည်လွယ်တတ်သူများကိုလည်း ပြန်လည်မျှဝေလိုက်ပါတယ်။

အရာရာကို ရိုးစင်းစွာ တွေးမြင်တတ်တဲ့ သင့်အတွက် သံသယမျက်မှန်တစ်လက်ကို ဆောင်ထားပါ။
လိုအပ်ရင် ထုတ်သုံးပါ။
လူတချို့ဟာ သင့်ယုံကြည်မှုနဲ့ အကြွင်းမဲ့ ထိုက်တန်ကြတာမဟုတ်ဘူးလေ။
သင့်ရဲ့ယုံကြည်လွယ်တတ်တဲ့အကျင့်ကို ခဏခဏခေါင်းပြူခွင့်မပြုပါနဲ့။
လောကကြီးက မာယာတွေနဲ့ မျက်လှည့်ဆန်လွန်းတယ်။
သင်သတိရှိနေတဲ့အချိန်တွေတောင် အလစ်တိုက်အငိုက်ခံရတတ်သေးတယ်။
သင်သာသတိလွတ်ခဲ့ရင် နာကျင်ဝမ်းနည်းခြင်းတွေ ထည့်ခတ်ထားတဲ့ ခါးသက်တဲ့မျက်ရည်တွေပဲ သင်သောက်သုံးနေရလိမ့်မယ်။
နူးညံ့တဲ့ သင့်နှလုံးသားကို မလိုအပ်တဲ့အချိန်တွေမှာ သိုဝှက်ထားလိုက်ပါ။
ဦးနှောက်သုံးပြီး တခါတလေမှာ စက်ရုပ်တစ်ကောင်လို သင်ရုန်းကန်ကြည့်လိုက်ပါ။
လောကကြီးက တစ်နေ့ထက်တစ်နေ့ ရုပ်ဝတ္ထုဆန်လာတာကို သင်ငြင်းဆန်လို့ မရနိုင်ဘူး။
ဒီလိုလောကကြီးကို မုန်းနေတဲ့ သင့်အယူအဆတွေကိုပဲ မီးသဂြိုလ်ပစ်လိုက်ပါ။
သင့်ဘ၀ကို လောကနဲ့ အံဝင်ခွင်ကျဖြစ်အောင် သင်ယူပြုပြင်ကြည့်ပါ။
တစ်နေ့ကျရင်…. ဒီလောကကြီးဟာ သင့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆရာကောင်းတစ်ဆူဆိုတာ သင်နားလည်လာပါလိမ့်မယ်။

(ပြောင်းလဲနေတဲ့လောကကြီးနဲ့ အံဝင်အောင် အလိုက်သင့်ကျွန်မနေတတ်ရင်အရမ်းကောင်းမှာပဲ)
နံနက် ၃း၁၀ မိနစ် စနေနေ့ မတ်လ ၁၀ ရက် ၂၀၁၂

ဒီစာတိုလေးက ကျွန်မကိုယ်ကျွန်မ သတိပေးဖို့ ရေးမိတာလေးပါ။

No comments: