Wednesday, March 7, 2012

တစ်ပေါင်းလပြည့်နဲ့ ငယ်ဘ၀အမှတ်တရ

ဆောင်းအကုန် နွေကူးလို့

ရွက်ဝါတွေ မြေမှာလူးတော့မည်

ဒီသီချင်းစာသားအလှနဲ့

လတပေါင်းကို ဖွဲ့ဆိုကြတာရှိဖူးတယ်

ကျွန်မကတော့ ဒီလိုလတပေါင်းဆို

ငယ်ဘ၀က ဖူးမြော်ခဲ့တဲ့

ကေလာသစေတီရဲ့ ပွဲတော်ကို

အောက်မေ့မိလို့ ပြန်လည်စိတ်ကူးရင်း

ကြည်နူးရတတ်တယ်။

ဒါကြောင့်မို့

ဆောင်းအကုန် နွေကိုကူး

ဘုရားဖူးခွင့်ရလို့ ကြည်နူးရတဲ့

လမြတ်တပေါင်းလို့ တင်စားချင်ပါတယ်။ ။

တပေါင်းလပြည့်ရောက်ရင် ငယ်ငယ်တုန်းက အရမ်းပျော်ဖူးတယ် ဘာလို့လည်းဆိုတော့ တခြားရွာမှာရှိတဲ့ ဘုရားပွဲတော်ကို သွားခွင့်ရလို့လေ…. ငယ်ငယ်တုန်းက ခရီးတွေမှ သွားခွင့်သိပ်မရှိတာ… ဈေးရောင်းကျောင်းတက်ရင်း အချိန်တွေကုန်နေတော့ ဒီတပေါင်းလ ဘုရားပွဲတော်ကိုရောက် တစ်မိသားစုလုံး ဈေးမရောင်းတော့ပဲ ဘုရားသွားခွင့်ရလို့လည်း ဒီလပြည့်နေ့ကို ကျွန်မငယ်ငယ်က တစ်နှစ်တစ်ခါ မျှော်နေခဲ့ဖူးတာပေါ့………. ဘုရားပွဲတော်ကတော့ ကျွန်မတို့ရွာနဲ့ မိုင်အနည်းငယ်ဝေးတဲ့ လမိုင်းရွာက ဘုရားပွဲတော်ပါပဲ။ ဘုရားသမိုင်းအရ လမိုင်းက ကေလာသစေတီတော်နဲ့ ရန်ကုန်က ရွှေတိဂုံစေတီတော်တို့ဟာ စေတီညီအစ်ကိုလို့လည်း ပြောစမှတ်ပြုကြတယ်။ ရွှေတိဂုံစေတီရဲ့ဘုရားပွဲတော်ဟာလည်း တပေါင်းလပြည့်နေ့ပါပဲ…။

ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် တပေါင်းလပြည့်နေ့ရဲ့မနက် ၂ နာရီလောက်ဆို အမေနဲ့အစ်မက အိပ်ရာထပြီး ထမင်းထုပ်တွေ ချက်ကြပြင်ဆင်ကြနဲ့ အလုပ်ရှုပ်နေကြတုန်း ကျန်တဲ့ မောင်နှမ ၃ ယောက်ကတော့ အိပ်ယာထဲမှာ အိပ်လို့ကောင်းတုန်း…. ၃ နာရီခွဲလောက်ဆို ကျွန်မတို့ ပြင်ဆင်ဖို့ထရတယ်… မနက်စောစောအိပ်ရာထရတာ ကျွန်မတော်တော်မုန်းပါတယ်။ ဒါပေမဲ့ …တစ်နှစ်တခါသွားရတဲ့ခရီးမို့ အားတင်းပြီး ထရတယ်လေ။။။

မျက်နှာတွေသစ် အ၀တ်အစားလှတွေလဲရင်းလည်း ကျွန်မပျော်ခဲ့ဖူးတယ်။ အဲဒီလို ပွဲတော်ရက်တွေကျမှ အမေ၀ယ်ပေးထားတဲ့ ဂါဝန်အသစ်လေးတွေကို ၀တ်ခွင့်ရလို့ အရမ်းကို ကြည်နူးခဲ့ရတာပေါ့… မှတ်မှတ်ရရ အမေ၀ယ်ပေးဖူးတဲ့ အပြာရောင်ဂါဝန်လေး ၁ ထည်ကို ကျွန်မတော်တော်လေး နှစ်ခြိုက်ခဲ့တယ်။ နောက်တစ်ထည်ကတော့ အစ်မဆီက တစ်ဆင့်ပြန်ရတဲ့ အနီရောင်လေးကိုလည်း အရမ်းကြိုက်ခဲ့တာပေါ့…။ ကျွန်မ ပထမဆုံး ဘုရားသွားခွင့်ရတဲ့နှစ်တုန်းက အဲဒီဂါဝန်နီလေးနဲ့ ကျွန်မဟာ အရမ်းကို ပျော်ရွှင်သွက်လက်နေခဲ့တယ်။ ။

ကျွန်မအဲတုန်းက ဒုတိယတန်းကိုတက်နေရပြီ………။ ကျောင်းထဲမှာ ဆရာမအချစ်တော် တစ်ယောက်မဟုတ်သလို ဆရာမအမြင်ကတ်လောက်အောင်လည်း စာညံ့သူတစ်ယောက်မဖြစ်ခဲ့ဖူးဘူး။ ကျွန်မတို့အိမ်ကနေ ဘုရားကို ခြေလျင်လျှောက်သွားကြတာပါ…. ပြင်ဆင်ပြီးလို့ရှိရင် ၄ နာရီလောက်မှာ လူစုကြတယ်။ ရပ်ကွက်ထဲက အိမ်နီးနားချင်းတွေနဲ့ အတူတူသွားကြတာ……. တကယ်ကိုပျော်ဖို့ကောင်းပါတယ်။ လရိပ်အောက်မှာ လမ်းလျှောက်ရင်း လူကြီးတွေပြောတဲ့စကားတွေ ပုံပြင်လေးတွေနားထောင်ရင်း လမ်းလျှောက်ရတာ မောရပန်းရမှန်းတောင် မသိပါဘူး…. နောက်ပြီးတော့ ရွာအထွက်လမ်းမှာ ရှိတဲ့ ဆရာမအိမ်ကို လရောင်နဲ့ ငေးခွင့်ရတာကို ကျွန်မအရမ်းသဘောကျဖူးတယ်။ ။ မနက်မနက်ဆို ဆရာမကတော့ ထုံးစံအတိုင်း သူ့ညီမနဲ့အတူ ဟင်းရွက်တွေကို ဈေးမှာရောင်းဖို့ ပြင်ဆင်နေကြမှာပေါ့..

ဆရာမနေတဲ့ ရပ်ကွက်ကို အလွယ်နည်းနဲ့ ဘူတာရုံလမ်းရပ်ကွက်လို့ခေါ်တယ် ဟိုးတုန်းက ကျွန်မတို့ခရီးသွားမယ်ဆိုရင် အဲဒီလမ်းကနေဖြတ် ဘူတာကိုသွား ရထားစီးပြီး ကိုယ်သွားချင်တဲ့ရွာကို သွားကြတာပေါ့။ ဒါကအမြန်ဆုံးနည်းပေါ့လေ… အဲအချိန်တုန်းက ဆိုင်ကယ်တွေ ကျွန်မတို့ရွာမှာ မရှိသေးဘူး။ စက်ဘီးတွေနဲ့လည်းသွားကြတယ်။ နွားလှည်းနဲ့လည်းသွားကြတဲ့သူတွေရှိတယ်။ ဘုရားပွဲတော်သွားဖို့က နွားလှည်းလည်းမရှိတော့ ခြေလျင်နဲ့သွားတာပေါ့… မောပေမဲ့ ပျော်စရာတကယ်ကောင်းပါတယ်။

ရထားလမ်းကနေလျှောက်သွားရတာ ရထားလမ်းမှာခင်းထားတဲ့ခဲလုံးတွေဆို ခြေထောက်သေးသေးလေးနဲ့ လမ်းလျှောက်ရ ပိုခက်တာပေါ့ ခလုတ်တိုက်လဲရင်လည်း လျှောက်တာပဲ သူများထက်ရှေ့ရောက်အောင် ခဏခဏပြေးတတ်လို့ လူကြီးတွေစိတ်ပူရသေးတယ်။ တစ်ခုတော့ရှိတယ် တံတားကူးရင်တော့ ရှိသမျှသတ္တိတွေ အပျော်တွေ ပျောက်ကုန်တယ်။ တံတားကိုကြောက်တာထက် တံတားအောက်ကရေကို အရမ်းကြောက်လို့ပါ.. အဲအချိန်ဆို သူများတွေ ကျွန်မကိုလှောင်ရယ်ကြတာပေါ့။ လေးဘက်ကလေးထောက်ပြီး တံတားကိုကူးတာကိုး… ဘယ်တတ်နိုင်မလဲ ကြောက်တာကို မကြောက်ချင်ဟန်ဆောင်လို့မှမရတာ။ တံတားတစ်ခုလွန်ရင် ဒုက္ခတစ်ခု ကျော်နိုင်သလိုပဲ… လွတ်လပ်ပေါ့ပါးသွားတယ်။ မနက်လေးနာရီ အိမ်ကထွက် မနက် ၈ နာရီခွဲလောက်ဆို လမိုင်းကိုရောက်ပြီလေ။ လမိုင်းရောက်တာနဲ့ ဘုရားဆီကို တန်းသွားတာ… ဘုရားမှာခဏနား လိုက်လည်ပတ် ဘုရားဖူးပြီးရင် ထမင်းဘူးတွေစားကြ…… ဈေးတန်းလှည့် အသိမိတ်ဆွေတွေအိမ်လိုက်လည်နဲ့… အချိန်က တနေကုန်ရော ညနေပိုင်းဆို လမ်းလျှောက်ပြန်ချင်တဲ့သူလျှောက်ပြန် ရထားနဲ့ပြန်ချင်တဲ့သူပြန်နဲ့ပေါ့။ ရထားနဲ့ပြန်တဲ့လူတွေကျတော့ အကြာကြီးလည်ခွင့်မရှိဘူး။။။။ ကျွန်မတို့ဆို လမ်းလျှောက်ပြန်တယ်……..။ တချို့ကြတော့ တစ်ညအိပ် ဘုရားပွဲမှာလာကတဲ့ ဇာတ်သဘင်ပွဲတွေကြည့်ကြတာလည်းရှိတယ်။ ကျွန်မတို့ တမိသားစုလုံး ဇာတ်ပွဲမကြိုက်တော့ ညအိပ်စရာလည်းမလိုဘူးလေ…. လမ်းလျှောက်ပြန်ရင်တော့ မိုးချုပ်ခါနီးမှပဲ အိမ်ပြန်ရောက်ကြတယ်။ ရောက်ရောက်ချင်းခဏနား ရေမိုးချိုးပြီး မနက်ကအပိုချက်ထားတဲ့ထမင်းစားရင်း ပွဲတော်အကြောင်းပြန်ပြောကြ… မအိပ်ခင် ပွဲတော်က ၀ယ်လာတာလေးတွေပြန်ကြည့်ကြနဲ့ တပေါင်းပွဲတော်ကို ဒီလိုနဲ့ ၅ နှစ်လောက်ဆက်တိုက် သွားခဲ့ဖူးတယ်။။။

ဒါကြောင့်မို့ ဒီအချိန်ရောက်တိုင်း ဂါဝန်အပြာလေးတွေ အနီလေးတွေကိုပြန်သတိရမိတယ်။ လေးဘက်ကလေးထောက်ပြီး တုန်တုန်ရင်ရင်နဲ့ တံတားဖြတ်ကူးခဲ့ဖူးတာလေးကို ပြန်တွေးရင်းပြုံးမိသေးတယ်။။ အမှတ်တရတွေထဲက မေ့ပျောက်မရတဲ့ အမှတ်တရလေးတစ်ခုပေါ့။ ။

တပေါင်းပွဲတော်မှာ ပျော်ပါးရင်း ကုသိုလ်ပွားနိုင်ကြပါစေ……..

No comments: