လမင်းကိုငေးကြည့်တိုင်း
နင်နဲ့အကြည့်ချင်းဆုံအောင်ကြိုးစားခဲ့တယ်
နှစ်စဉ် နိုဝင်ဘာရောက်တိုင်း
နင့်မျက်ရည်တွေခန်းခြောက်ပါစေလို့
ငါတောင်းဆုခြွေနေတယ်
ဆောင်းမှာ မွေးဖွားကြီးပြင်းခဲ့တဲ့နင်က
ဘာလို့များနွေထက်ပူလောက်တဲ့သောကတွေနဲ့
ပြည့်နှက်နေရတာလဲဟာ
တွေးမိတိုင်း…
ငါရင်နာတယ်။
ငါ့ဘ၀အတွက်ငါရင်နာတယ်
နင့်ဘ၀အတွက်လည်း
ငါ့ရင်မှာနင့်နေတယ်
နင့်ကို
နှစ်သိမ့်ဖို့ ခွန်အားမရှိတဲ့ငါက
ဖြေသိမ့်လိုက်ပါဟာ
လို့ ငါပြောလို့မထွက်ဘူး
ငါ့မျက်ရည်တွေလည်း နင့်ရှေ့မှာ သိုဝှက်ထားပါရစေ။
တန်ဆာမဆင်နိုင်သေးတဲ့
ငါတို့ရဲ့အိပ်မက်ပန်းတိုင်တွေဆီ
ဒဏ်ရာကိုယ်စီပွေ့ပိုက်လျှောက်လှမ်းကြရင်း
ငါအားငယ်တိုင်း
ခွန်အားတွေမျှဝေပေးတဲ့နင့်ကို
နင်အားငယ်တိုင်း
အားပေးဖို့ ငါဆွံ့အနေခဲ့ရပြီ
စကားလုံးမဲ့နေတဲ့
ငါရင်ထဲကဘာသာစကားကို
နင်နားလည်နေတယ်ဆိုတာ
ငါသိတယ်
ငါ့ခေါ်သံလေးနင်ကြားလိုက်ရတာနဲ့
မျက်ရည်စကြားက
နင့်ရဲ့အပြုံးကို
လေလှိုင်းကတစ်ဆင့်
ငါလှမ်းမြင်နေရတယ်
အရင်လိုစကားလုံးတွေဖွဲ့နွဲ့ပြီး
မနှစ်သိမ့်နိုင်ပေမဲ့
ဆက်ပြီး
အားတင်းထားပါဦး သူငယ်ချင်းရယ်
နင့်ဆီ
ငါ တစ်နေ့နေ့ အရောက်လာခဲ့မှာပါ………..။
နွံထဲကျွံကျခဲ့တဲ့ဘ၀လှည်းဘီးကို
ငါတို့
ပြိုင်တူအားနဲ့ တွန်းထုတ်ပစ်ကြရင်း
အဲဒီအခါကျမှ…..
ဒီဇင်ဘာ
“နှင်း”စက်လိုအေးချမ်းပြီး
“မြ”
သားလို စိမ်းစိုနေတဲ့ အနာဂတ်နဲ့
“သီတာ” ရေလို ကြည်လင်တဲ့ဘ၀တစ်ခုကို
ငါတို့အတူတူကြိုးစားဖန်တီးကြရအောင်
(သူငယ်ချင်း)။
မုန်းတိုင်းဒဏ်ကို
ခံနိုင်ရည်ရှိအောင်
ကြိုးစားနိုင်ခဲ့မယ်ဆိုရင်
ချိုမြိန်ကြည်လင်နေတဲ့
လေပြေကို
တစ်နေ့နေ့ပေါ့
……
ငါတို့
တ၀ ကြီး နမ်းရှိုက်ခွင့်ရဦးမှာပါ
ဆက်ပြီးအားတင်းထားပါဦး
သူငယ်ချင်းရယ်။ ။
အဆက်အသွယ် ပြတ်နေခဲ့သော သူငယ်ချင်းတစ်ယောက်ဆီကို ပထမဆုံး ဖုန်းဆက်ခဲ့တဲ့နေ့အတွက် အမှတ်တရ။
No comments:
Post a Comment