သီတင်းကျွတ်ပြီ
မိုးလေကင်းလွတ်တော့မည်
မီးပုံးပျံ လွှတ်ကြရအောင်
မီးစာကို ရေနံဆွတ်ထားပါ။
အခုထိ အမှတ်ရနေသေးတဲ့ မူလတန်းတုန်းက သင်ခဲ့ဖူးတဲ့ စာပိုဒ်လေးပါ။ ကိုယ့်ရပ်ကိုယ့်ဒေသမှာ ရှိတုန်းအချိန်က ဒီစာပိုဒ်ကလေးဟာ ကလေးငယ်တွေဖတ်ဖို့သက်သက် သာမန်စာပိုဒ်တစ်ပိုဒ်လို အမှုမဲ့အမှတ်မဲ့……။ ဒီလို တမြေခြားမှာ ကိုယ့်ရိုးရာနဲ့ဝေးကွာနေတဲ့အခါ သီတင်းကျွတ်လပြည့်ရောက်တိုင်း ဒီစာပိုဒ်ကလေးကို သတိတရ
ပြန်ညည်းမိရင်း
ရင်ထဲမှာ ဆို့နစ် လွမ်းဆွတ်လို့………….။

တိုးတက်တဲ့ ရေမြေဒေသမှာ လျှပ်စစ်မီးရောင်တွေက နေရာအနှံ့ထိန်လင်းနေပေမဲ့လည်း… အမှောင်လွှမ်းတဲ့ ဟိုး…ရွာငယ်က လသာညတွေ ကြယ်စုံညတွေကို လွမ်းဆွတ်နေတတ်တာ ကိုယ်တစ်ယောက်ထဲတော့ မဟုတ်နိုင်ဘူးထင်ပါတယ်။ တိုးတက်လာတဲ့လူနေမှုကို အံ့သြအားကျမိပေမဲ့ အခြားတဖက်က မဖွံ့ဖြိုးပဲ အေးချမ်းတဲ့ တောရိပ်တောင်ရိပ်တွေကိုလည်း နှစ်သက်မက်မောနေမိသူ…….။
ဘယ်လောက်ပဲတိုးတက်နေပါစေ ရိုးရာဓလေ့မှာ မွေ့လျော်တတ်သူအဖို့ ဒီလို အခါကြီးရက်ကြီးတွေတိုင်း ဇာတိမြေကို မလွမ်းပဲမနေနိုင်။ သာမန်ညတစ်ညလို ဖြတ်ကျော်နေရတာကိုးက ဒီညလေးဟာ ကိုယ့်အတွက် တန်ဖိုးမဲ့သွားသလို
နှမြောနေမိတယ်။
ပွဲတော်တွေမှာ
အရမ်းခုံမင်
ပျော်ရွှင်ခဲ့ရသူတစ်ယောက်မဟုတ်ပေမဲ့ ရိုးရာကိုတော့ ချစ်မြတ်နိုးစွာ တွယ်တာအလေးထားတတ်သူပါ။
သီတင်းကျွတ်လပြည့်တိုင်း အိမ်တိုင်းကိုယ်စီ မီးပုံးရောင်စုံလေးတွေ ဒီဇိုင်းစုံလေးတွေထွန်းညှိကြရင်း ကလေးလူကြီးပါမကျန် စုရုံးပြီး မီးပုံးပျံလွှတ်လေ့ရှိတဲ့ ရိုးရာဓလေ့ရဲ့ မြင်ကွင်းကို လွမ်းဆွတ်မိတာအမှန်။ သီတင်းကျွတ်လမှာ မီးပုံးပျံလွှတ်ကြ…. မီးစာကုန်လို့ ကျလာတဲ့ မီးပုံးပျံတွေနောက် လိုက်ကြနဲ့ သီးတင်းကျွတ်လရဲ့ ငယ်ဘ၀က ပျော်စရာကောင်းခဲ့သလို အရွယ်ရောက်လာတော့လည်း ညညမှာ မီးပုံးပျံတွေကောင်းကင်ပေါ် ဟိုနားတစ်လုံး ဒီနားကတစ်လုံးနဲ့
အဆက်မပြတ် ပျံတက်သွားနေတဲ့ မြင်ကွင်းကို မျက်စိတစ်ဆုံးမော်ကြည့်ရတဲ့ ခံစားချက်ကလည်း ကြည်နူးစရာကောင်းလွန်းတယ်။ တကယ်လို့ အခုညမှာသာ ကိုယ့်ဇာတိမြေမှာရှိနေခဲ့ရင် မီးပုံးပျံတွေကို ထိုင်ကြည့်ရင်း အမေနဲ့စကားဖောင်ဖွဲ့နေမိဦးမှာပါပဲလေ…။

သီတင်းကျွတ်မှာ လပြည့်နေ့မတိုင်ခင် အဖိတ်နေ့မှာ လူကြီးတွေ ဆရာသမားမိဘတွေကို လိုက်ကန်တော့ရင်း သက်ကြီးဝါကြီးသူအပေါ် ဂါရ၀တရားတွေတိုးပွားစေသလို ကိုယ်တိုင်လုပ်ရိုးရာမုန့်တွေ တစ်အိမ်နဲ့တစ်အိမ် အပြန်အလှန် လိုက်ဝေကြရင်း တဦးအပေါ်တဦး ရင်းနှီးချစ်ခင်မှုတွေတိုးစေတဲ့ ချစ်စရာဓလေ့လေးပါ။ ဒီသီတင်းကျွတ် အဘိဓမ္မာရက်မြတ်မှာလည်းပဲ ပူဇော်ကန်တော့ထိုက်သူ မိဘဆရာသမား သက်ကြီးဝါကြီးများနဲ့ကျေးဇူးရှင်များအား အဝေးတနေရာကနေ စိတ်မှန်းနဲ့ ဦးခိုက်ကန်တော့လိုက်ပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလို့ ကုသိုလ်တရားတွေ ပွားများအားထုတ်နိုင်ကြပါစေလို့လည်း မေတ္တာပို့လိုက်ပါတယ်။
No comments:
Post a Comment