Wednesday, April 25, 2012

သူတို့ရဲ့ ကြမ္မာ

 သူတို့တွေရဲ့ ရင်နာစရာကောင်းတဲ့ မြင်ကွင်းကိုတော့ စာနာစိတ်ရှိသူတိုင်း ရင်ထဲမချိဖြစ်မိကြမှာပါပဲ…  အဲဒီတော့… တိရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ကျွန်မအတွက်တကယ့်ကို ရင်နင့်စရာမြင်ကွင်းလေးပေါ့လေ။
သူတို့တွေမှာလည်း နားလည်တတ်တဲ့ အသိညာဏ်ရှိသလို ခံစားတတ်တဲ့ စိတ်ခံစားမှုလည်းရှိကြတယ်ဆို တာ အဖြစ်အပျက်လေးကို မြင်မိသူတိုင်း လက်ခံနိုင်ကြမှာပါ။ 

သာမန်ဖြစ်စဉ်တွေထက် ဆန်းကြယ်လို့လည်း သူတို့တွေရဲ့ အဖြစ်အပျက်ကို တီဗွီကနေတဆင့် သတင်း အနေနဲ့ ထုတ်လွှင်ခဲ့လို့သာ ကျွန်မအပါအ၀င် လူထုများစွာမြင်ခွင့်ရကြတာပေါ့။
အဲဒီနေ့ မနက်ကျောင်းဆင်းတော့ နေ့လည်အတန်းရှိသေးတာမို့လို့ ကျွန်မ canteen  ဆီ ကို နေ့လည်စားဖို့ ထွက်လာခဲ့တယ်။ အခြားသူငယ်ချင်းတစ်ယောက်နဲ့အတူပေါ့။ စားချင်တာကို ၀ယ် ပြီးတော့ သူငယ်ချင်းရှိတဲ့ စားပွဲဆီကိုအပြန် ကျောင်းသူကျောင်းသားတော်တော်များများ စိတ်ဝင်တ စားငေးကြည့်နေတဲ့ တီဗွီဖန်သားကို ကျွန်မလည်း စူးစမ်းလိုစိတ်နဲ့ မော့ကြည့်လိုက်မိတယ်။ အစီအစဉ်တင် ဆက်သူတွေ ကြေငြာပေးနေတဲ့ ထိုင်းစကားနဲ့ ကြေငြာနေတာမို့လို့ ကျွန်မနားမလည်နိုင်ပေမဲ့ ဖန်သား
ပေါ်က မြင်ကွင်းလေးကြောင့် ကျွန်မရင်ထဲမှာ နင့်ခနဲနေအောင် ခံစားလိုက်ရတယ်။ စားပွဲဆီကို ရောက်ဖို့ ခပ်လှမ်းလှန်းမှာရပ်နေမိတဲ့ ကျွန်မ… ထိုင်ခုံထဲ ၀င်ထိုင်လိုက်ပေမဲ့ အမြင်အာရုံကို လွှဲဖယ်မပစ်နိုင်ခဲ့ဘူး။
ကျွန်မကြည့်နေတဲ့ မြင်ကွင်းထဲမှာ ကြောင်လေး ၂ ကောင် အစာရှာထွက်လာတဲ့ မြင်ကွင်းလေးကို ပထမ ဆုံးစမြင်လိုက်တယ်။ အဖြူနဲ့အနက်ရောင်စပ်ကြောင်လေးရယ်။ တကိုယ်လုံးအနက်ရောင်နဲ့ကြောင်လေး ရယ် သူတို့ ၂ ကောင်ပေါ့။ ကြောင်လေလွင့်တွေထင်တယ်…. ထိုင်းနိုင်ငံမှာ ကြောင်တွေ ကို ခွေးလောက် မချစ်တာကြောင့် ကြောင်လေလွင့်တွေများတယ်လို့ အရင်တုန်းက ထိုင်းက ပြန်လာတဲ့သူတွေ ကို ပြောပြ တာကို သွားသတိရလိုက်မိသေးတယ်။ 

လမ်းပေါ်အစာရှာရင်း ကားလမ်းတဖက်ကနေ တဖက်ကိုအကူး အနက်ကောင်လေးကို အရှိန်နဲ့မောင်းလာတဲ့ ကားတစ်စီးက ၀င်တိုက်သွားတယ် လွင့်စင်ထွက်သွားတဲ့ မြင်ကွင်းကြောင့် စိတ်ထဲမှာ တကယ်မကောင်းဘူး။ ကားပိုင်ရှင်တွေက ပြန်တောင် လှည့်မကြည့်ကြပါဘူး။ ကြောင်တိုက်မိတာ မပြောနဲ့လေ လူတိုက်မိ       တာတောင် လှည့်မကြည့်တဲ့ စာနာစိတ်ကင်းမဲ့တဲ့လူတွေတောင် ရှိနေသေးတာ ပဲ။ ကြောင်လောက်ကတော့ အတွေးထဲတောင် ထည့်တွေးမှာ မဟုတ်လောက်ပါဘူး။ 

ကြောင်နက်ဖြူလေးကတော့ ရုတ်တရက် ကားဖြတ်မောင်းသွားတဲ့အသံကြောင့်ထင်တယ် နောက် ကို ပြန်လှည့်ကြည့်ရင်း အနက်ကလေး ရဲ့အဖြစ်ကို  သူလှမ်းမြင်လိုက်တယ်။ ကားလမ်းနဲ့နဲနဲခပ်လှမ်းလှမ်းကို လွင့်စင်ထွက်သွားတာကိုမြင်တော့  သူအပြေးလေးနဲ့ ပြေးသွားကြည့်ပါတယ်။ သူ့စိတ်မှာ ဘယ်လောက် ထိစိုးရိမ်နေမလဲ….. ကြောင်နက်လေးကတော့ ပွဲချင်းပြီးအသက်ပျောက်သွားရှာမှာပေါ့။ သူတို့ ခန္ဓာကိုယ်လေးနဲ့ ဆိုတော့ ရှင်ဖို့ဆိုတာ တကယ့်ကိုကံကောင်းမှပါ။ ကံကောင်းတဲ့အထဲမှာ သူမပါခဲ့ဘူး။ ကံဆိုးမှုတွေကို သူကြိုမသိနိုင်လို့ သူ့သူငယ်ချင်းနဲ့ အဖြစ်ဆိုးစွာ ခွဲခွါသွားခဲ့ရတယ်။ 

ကျန်ခဲ့သူလေးကတော့ အသက်မဲ့နေတဲ့အနက်ကလေးကို တွေတွေလေးစိုက်ကြည့်နေရင်း အသံပြုလိုက် တယ်။ သူငိုနေပြီလား? နောက်တော့ သွေးပေနေတဲ့ အနက်ကိုယ်လေးကို မ၀ံ့မရဲနဲ့သူနမ်းရှုတ်လိုက်တယ်။ အခြေအနေမှန်ကို သူ သိသွားပြီထင်တယ်။ သူအော်တယ် အော်တာထက် ငိုတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အသံကို အမျိုးမျိုးပြောင်းပြီးငိုတယ် သူဘာတွေ ညည်းတွားနေမလဲ….. သွားလေသူအတွက် သူဘာတွေ ရင်ထုမနာ ရင်ဖွင့်နေမလဲ…..သူ့အသံတွေက စို့နစ်ကြေကွဲနေမှာပေါ့…. ဒါကို ဘယ်သူတွေကနားလည်ပြီး နှစ်သိမ့်ပေးနိုင်ကြမလဲလို့ ကျွန်မတွေးမိတယ်။ အသံမျိုးစုံနဲ့ သူပြောဆိုငိုယိုပြီးတော့ ခဏအကြာမှာ ရှင်လိုရှင်ငြား နောက်ဆုံးမျှော်လင့်ချက်လေးနဲ့ထင်တယ်…….. သူ့ခေါင်းလေးနဲ့ သွားလေသူရဲ့ ၀မ်းဗိုက်နေရာကို ရှိသမျှအားလေးနဲ့ သူတိုးဝှေ့ပြီး တွန်းကြည့်သေးတယ်။ အနက်လေးရဲ့ကိုယ် အနည်း ငယ်ရွေ့သွားရုံကလွဲပြီး နဲနဲမှ လှုပ်ရှားမလာခဲ့။ ဒီတော့ သူ့လက်သည်းတွေနဲ့ ကျောကုန်းတွေဘက်ကို သူဖွဖွလေးကုတ်တယ်။ နာကျင်မှာလည်း သူစိုးရိမ်ဖို့ သတိရနေသေးတာပဲ သူရဲ့ကြင်နာမှုတွေအတူ နာကျင်ကြေကွဲနေရတာကို ကျွန်မခံစားတွေ့မြင်နေရတယ်။ လက်သည်းတွေနဲ့ အသာကုတ်ရင်း သူ့အော် သံတွေက ကြေကွဲစရာကောင်းလွန်းပါတယ်။ 

နောက်ဆုံးတော့ အဖြစ်မှန်ကို သူတကယ် လက်ခံဖို့ စိတ်ဆုံးဖြတ်လိုက်ပုံပဲ။ မသေမသပ်နဲ့ ပြန့်ကားနေတဲ့ အနက်လေးရဲ့အမြီးလေးကို သူက သပ်ရပ်မှုရှိအောင်လို့် နာခေါင်းလေးနဲ့ တွန်းရွှေ့ပေးတယ်။ သူလှုပ် ရှားနေချိန်တိုင်း သူ့ ပါးစပ်က မနားတမ်းအော်နေခဲ့တယ်။ တကယ်တော့ သူကြေကွဲစွာနဲ့ ငိုနေခဲ့တာပေါ့…တခြားသူတွေလည်း ကျွန်မထင်သလို ထင်ကြမယ်မလွဲပါဘူး…။ အနက်လေးရဲ့အမြီးကို တွန်းရွှေ့လို့အပြီး သေသူကို ထားခဲ့တော့မယ်လို့ ကျွန်မထင်ခဲ့မိတယ်။ ကျွန်မအထင် တကယ်ကို မှားခဲ့ပါတယ်။ သေသွားတာတောင် သူ့ယုယမှုတွေ လျော့မသွားခဲ့ဘူး သေသေသပ်သပ်ဖြစ်အောင် လုပ်ပေးပြီးရင် အနက်လေးဘေးမှာ သူခွေပြီးအိပ်လိုက်တယ်။ ကျောဘက်နားမှာ ၀င်ခွေလိုက် တယ်။ ကျောချင်းကပ်အနေအထားမဟုတ်ပါဘူး။ အကြားလေးကို သူ့ရင်ခွင်နားမှာ ထားပြီး အိပ်နေတာပါ။  သူ့မျက်လုံးတွေ ညှိုးငယ်နေလိုက်တာ အားကိုးစရာမဲ့နေတဲ့ဘ၀….. အတူတူအစာထွက်ရှာနေတုန်း ရုတ်တရက် တကောင်နဲ့တကောင် သေကွဲကွဲရတဲ့သူတို့တွေရဲ့ အဖြစ်ဆိုးလေ… ကျန်နေခဲ့တဲ့ကြောင်လေး ကတော့ မျက်စိမမှိတ်ပဲ ဘေးနားက သူတို့တတွေကို ကြည့်နေတဲ့ လူတချို့ကို မျက်နှာငယ်လေး နဲ့ မော့ကြည့်နေသေးတယ်။ သူအကူအညီတောင်းနေခဲ့တာလား…။ သူ့အသံတွေက အစောတုန်းကလို သိပ်မကျယ်တော့ တိုးတိုးလေး ညည်းညူနေရှာတယ်။ 

ကျွန်မကိုယ်တိုင် သူငယ်ချင်းရှေ့မှာ မငိုမိအောင် သက်ပြင်းရှိုက်ထုတ်ရင်း မသိမသာအံကြိတ်လိုက်မိတယ်။ ဘာတွေဆက်ဖြစ်မှာလဲဆိုပြီး ကျွန်မဆက်ကြည့်နေမိတယ်။ သူဟာ ခေါင်းလေးငိုင်စင်းသွားလိုက် ခဏလောက်ကြာရင် ခေါင်းလေးထောင်လာပြီး ဟိုကြည့်ဒီကြည့်နဲ့ အော်လိုက် အနက်ကလေးကို ကြည့် ပြီးအော်လိုက်နဲ့ ဆက်ခွေနေတာ မိနစ်အနည်းငယ်ကြာတော့မှ လူတချို့ရောက်လာပါတယ်။ ကြောင်သေ   ကိုရှင်းဖို့နဲ့ သူ့လို ကြောင်လေလွင့်ကိုဖမ်းတဲ့ လူတွေပေါ့။ သူ့ကို ဖမ်းလိုက်တော့ လည်း ငြိမ်ငြိမ်လေးပဲ ပါသွားတယ်။ သူစိတ်ထိခိုက်နာကျင်နေတဲ့အချိန်မှာ ထွက်ပြေးဖို့တောင် သူမစဉ်းစားမိတော့ဘူးထင်တယ်။ တယောက်က သူ့ကိုဖမ်းရင်း  တခြားတစ်ယောက်ကလည်း ကြောင်သေလေးကို ယူသွားတယ်။ သူ ငိုင်ငိုင်တွေတွေလေးပဲ ထိုလူလျှောက်သွားတဲ့ဘက်ကို လိုက်ငေးကြည့်နေမိတယ်။ သူဘာတတ်နိုင်မှာ  လဲလေ…….။ အားကိုးခိုကိုးစရာ သခင်လည်းသူ့မှာမရှိဘူး။ အတူတူသွားလာကျက်စားဖို့လည်း သူ့မှာ အဖော်မဲ့သွားခဲ့ပြီမဟုတ်လား……။  သူ့ရဲ့နာကျင်မှုဝမ်းနည်းတွေ အားကိုးရာမဲ့ သိမ်ငယ်မှုတွေ ကျွန်မရင်ထဲအထိ ကူးစက်လာသလိုပဲ… ၀မ်းနည်းပက်လက်နဲ့ ကျွန်မစိတ်ထဲမှာ အားတွေဆုတ်ယုတ်သွားသလိုခံစားလိုက်ရတယ်……..။ ကျွန်မ…….ငိုမိမှာစိုးလို့ ကျွန်မလုပ်တတ်တဲ့ အကျင့်လေးအတိုင်း နောက်ထပ်တစ်ခါ နှုတ်ခမ်းတွေကိုပြုံးနေသလို တွန့်လိုက်ပြီး ၀မ်းနည်းစိတ်တွေနဲ့ အတူ မသိမသာအံကြိတ်ရင်း မောလျလျသက်ပြင်းတစ်ခုကို ရှိုက်ထုတ်လိုက်တယ်။ တကယ်တော့ သက်ပြင်းတစ်ခုကို ကျွန်မရှိုက်ထုတ်လိုက်နိုင်ခဲ့ပေမဲ့ သူတို့ရဲ့ဇာတ်လမ်းလေးကိုတော့ ကျွန်မခေါင်းထဲ ကနေ၊ ရင်ထဲကနေပြီး ထုတ်ပြစ်လိုက်လို့ရနိုင်တော့မှာ မဟုတ်ပါဘူး။ 

အချိန်အတိုင်းနဲ့ဆိုရင် သတင်းပြကွက်လေးက ၅ မိနစ်ကျော်ကျော်လောက်ပဲကြာခဲ့ပါတာပါ။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ အနှစ် ၅၀ မက ဆက်လက်ကြွင်းကျန်နေခဲ့တော့မှာ…….။  အဲဒီသတင်းပြကွက်ကို ဘယ်လိုရိုက်ထားတယ်ဆိုတာတော့ ကျွန်မအသေအချာမသိပါဘူး။ တကယ့်အဖြစ်မှန်ကို ရိုက်ထားသလို ဆိုတော့ လမ်းမှာ ကင်မရာတပ်ထားလားဆိုတာလည်းကျွန်မ သေချာမသိပါဘူး။ ထိုင်းဘာသာကို ကျွန်မနားမလည်နိုင်ပေမဲ့လည်း စာနာစိတ်နဲ့ ရင်ထဲမှာ အားငယ်ကြေကွဲနေခဲ့တဲ့ ကြောင်လေးရဲ့ စိတ်ခံစား မှုဘာသာစကားကိုတော့ ကျွန်မနားလည်နိုင်ခဲ့ပါတယ်။ 

ကျွန်မရဲ့စိတ်ကပဲ ပျော့လွန်လွန်းလို့လားတော့မသိဘူးပေါ့။ ထမင်းဆက်စားနေရင်း ခဏခဏဝေ့တက်လာ တဲ့ မျက်ရည်စလေးတွေကို သူငယ်ချင်းမမြင်မိအောင် ကျွန်မပုတ်ခတ်လိုက်ရင်း သက်ပြင်းလည်းခဏခဏ ရှိုက်ထုတ်နေမိတယ်။ ကားတိုက်လို့ သေဆုံးသွားတဲ့ ကြောင်လေးအနားက မခွါနိုင်ဖြစ်နေ တဲ့ ကြောင်ကလေးရဲ့ ရင်နာစရာ မြင်ကွင်းနဲ့အတူ  သေနေတဲ့ကြောင်ငယ်လေးအတွက်လည်း ယူကျုံးမရ စိတ်ထိခိုက်မိတယ်။ တကယ်ဆို ကြောင်နက်ဖြူလေးဟာ လူတွေလို အသိညာဏ်နဲလို့ သူ့အဖော်ေ လး သေတာကို မသိတာပဲနဲ့ အပိုတွေ လျှောက်လုပ်နေခဲ့တာမျိုးတော့  မဟုတ်လောက်ဘူး ထင်ပါတယ်။ သေခြင်းတရားကို ဘယ်သူကမှ မလွန်ဆန်နိုင်ကြပါဘူး။ ဒါတွေကို ကျွန်မတို့ သိထားပေမဲ့လည်း ကိုယ်နဲ့ပတ်သက် ဆက်စပ်သူတွေရဲ့ နောက်ဆုံးအချိန်ဖြစ် တဲ့ သေဆုံးခြင်းနဲ့တွေ့ကြုံရသူတွေတိုင်း ၀မ်းမနည်းတတ်တဲ့ ပုထုဇဉ်ဆိုတာ မရှိသလောက်ရှားပါတယ်….။
သူတို့ရဲ့ သတင်းအစီအစဉ်လေးကို ကျွန်မကြည့်ခဲ့တာ ကြာတော့ကြာပါပြီ။ စာနာစိတ်နဲ့ သူတို့တွေရဲ့ ၀မ်းနည်းစရာအကြောင်းလေးကို post အဖြစ်ရေးဖို့ကို အကြောင်းကြောင်းကြောင့်နှောင့်နှေးနေခဲ့ပေမဲ့ သူတို့အကြောင်းစဉ်းစားမိတိုင်း ပုံရိပ်လေးတွေက အာရုံထဲမှာ ထင်းနေတုန်းပါပဲ…..။ 

အဲဒီနေ့မှာ အသေချာဆုံးကတော့ ကျွန်မ စားသမျှအစာတွေ အရသာမဲ့နေခဲ့တယ်။ ဇွန်းကိုင်ထားခဲ့တဲ့ ကျွန်မလက်တွေ အားတွေပျက်နေခဲ့သလိုခံစားခဲ့ရတယ်……..နောက်အတန်းတက်တဲ့အချိန်ထိ ကျွန်မငိုင်တွေနေခဲ့သေးတယ်။  အချိန်အတိုင်းအတာတစ်ခုထိ သူတို့အကြောင်းတွေ ကျွန်မရင်ထဲမှာစွဲကျန်နေခဲ့တယ်။အခုအချိန်မှာ မကြာခဏ သတိမရတော့ပေမဲ့ ကျွန်မရင်ထဲမှာ ထာဝရထင်ကျန်နေမဲ့ ပုံပြင်တစ်ပုဒ်တွေထဲမှာ သူတို့အကြောင်းလေးလည်းပါတယ်။ 
ချစ်ခြင်းတရားတွေ မေတ္တာတရားတွေ ဂရုဏာတရားတွေ ကြင်နာခြင်းတွေကို သူတို့လို တိရိစ္ဆာန်တွေထက် ညာဏ်ရည်မြင့်ပါတယ်ဆိုတဲ့ လူသားတွေ ပညာတတ်ပါတယ်ဆိုတဲ့ လူတန်းစားတွေ ဒီကြောင်လေးတွေ လိုရော တကယ့် ကြင်နာခြင်းတွေ မေတ္တာတရားတွေကို နားလည်ကြရဲ့လား ဆိုတဲ့မေး ခွန်းမျိုး ကျွန်မ ခေါင်းထဲမှာ ပိုပြီးနက်ရှိုင်းလာခဲ့တယ်။ ဒီအတွေးတွေ ကျွန်မခေါင်းထဲမှာ ၀င်လာမိတိုင်း တချို့လူတွေဟာ တချို့ တိရိစ္ဆာန်လေးတွေထက် အကြင်နာတရား ကင်းမဲ့ပြီး ကြောက် စရာကောင်းကြတယ်ဆိုတာကို အချိန်ကြာလာလေလေ ကျွန်မ ပိုပိုပြီး လက်ခံလာမိလေလေပါပဲ….။

(မှတ်ချက်။ ။ကျောင်းcateen ထဲမှာ ကြည့်ခဲ့ရတဲ့ တီဗွီသတင်းကို ပြန်ရေးထားတာပါ…….  ဒီ post လာဖတ်ပေးတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်)

No comments: